ထားဝယ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကျောက်မော်ရပ်၊ မဟာစည်မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်အတွင်း ဗုဒ္ဓမြတ်စွာ၏အဆုံးအမများကို စနစ်တကျကျယ်ပြန့်စွာ လေ့လာသင်ကြားနိုင်ကြစေရန်ရည်သန်၍ ထားဝယ်ဗုဒ္ဓတက္ကသိုလ် အဆောက်အဦအသစ် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက မဟာစည်မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်အတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတအဘိဓဇမဟာရဋ္ဌဂုရု ဇေယျဝတီကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသူရိယ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများက အဖွင့်မင်္ဂလာဆီမီးတိုင်များ ထွန်းညှိပူဇော်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများ၊ အလှူဒါယကာ၊ ဒါယကာမများနှင့်စေတနာရှင် အလှူရှင်များက နမောတဿ (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ဖွင့်လှစ်သည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများက တိုင်းသံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္ဒနန္ဒဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးဆရာတော်များထံမှ မေတ္တသုတ်တော်အား နာယူပူဇော်ကာ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတအဘိဓဇမဟာရဋ္ဌဂုရု ဇေယျဝတီကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသူရိယထံမှ သြဝါဒခံယူခဲ့ကြပြီး တာဝန်ရှိသူများက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဗုဒ္ဓတက္ကသိုလ်ဆောက်လုပ်ရန်အတွက် အလှူတော်ငွေကျပ်(၅၀)သိန်းအား ပေးအပ်လှူဒါန်းရာ ထားဝယ်ဗုဒ္ဓတက္ကသိုလ် B.A(Final) ကျောင်းသား ဦးယုနိုင်က လက်ခံယူပြီး ထားဝယ်ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တဣန္ဒဉာဏက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဗုဒ္ဓတက္ကသိုလ်ဆောက်လုပ်ရန်အတွက် အလှူဒါယကာ၊ ဒါယကာမများနှင့်စေတနာရှင် အလှူရှင်များက အလှူတော်ငွေကျပ်စုစုပေါင်း(၄၉၆)သိန်းနှင့် အုတ်(၄၅၀၀၀)အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာတော်မြတ်ကြီးကို ထောက်ပံ့ချီးမြှောက်မှုနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး ထားဝယ်ဗုဒ္ဓတက္ကသိုလ် B.A(Final) ကျောင်းသားဦးယုနိုင်က ကျေးဇူးတင်စကားလျှောက်ထားကာ ထားဝယ်ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တဣန္ဒဉာဏထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတအဘိဓဇမဟာရဋ္ဌဂုရု ဇေယျဝတီကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘန္ဒန္ဒသူရိယ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသောနေရာအသီးသီးတွင် နေရာယူပြီး သာသနာဿစလောကဿဝုဒ္ဓိဘဝတုသမ္မတာစသော ဂါထာကို (၃)ကြိမ်ရွတ်ဆို၍ သစ္စာအဓိဌာန်ပြုလျက်တစ်ပြိုက်နက် အုတ်မြစ်တော်စီကာ အောင်ဂါထာကို ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)