ကော့သောင်းမြို့တွင် အိမ်တွင်းမှုသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

ကော့သောင်း မေ ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီခန့်က ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးစိုးအောင်က နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုး၍ အေးချမ်းတည်ငြိမ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးကို အရှိန်အဟုန်မြှင့်  ကြိုးပမ်းဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်နည်းပါးစေရန်အတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကော့သောင်းမြို့ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းကို ၁၉၉၂ ခုနှစ် မတ်လ (၁၆) ရက်နေ့တွင် ရည်ရွယ်ချက် (၅) ရပ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အခြေခံအိမ်တွင်းမှုပညာ‌နှင့် အဆင့်မြင့်စက်ချုပ်ပညာတို့ကို တတ်မြောက်၍ အသက်မွေးဝမ်းကြောင်းပြုနိုင်မည်ဖြစ်ပြီး သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများ လိုက်နာပြီး ပညာရပ်များကို စာတွေ့၊ လက်‌တွေ့ ကြိုးစားသင်ယူကြရန်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်သော အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးကောင်းသမီးများဖြစ်အောင်  ကျင့်ကြံနေထိုင်သွားကြရန်၊ သင်တန်းတက်ရောက်သူ အချင်းချင်း တစ်ဦးကိုတစ်ဦး ဖေးမကူညီသွားကြရန်ဖြင့် သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့‌‌ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)