ပိုင်ကျုံ မေ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းများ၊ ရေမြောင်း၊ Flower Boxများ၊ Box Culvertနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ခွင့်ပြုရန်ပုံငွေ (၂၂၅.၃၇) သန်းဖြင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်းကွန်ကရစ်လမ်း(၆)ခု၊ Box Culvert (၂)စင်း၊ အုတ်စီရေမြောင်း(၆)ခုနှင့် အခြားမြို့တွင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ ထိုလုပ်ငန်းများကို မေလအတွင်းတွင် စတင်ကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများပြီးစီးပါက ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)