မြိတ်မြို့တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

မြိတ် မေ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ စွမ်းစွမ်းတမံ ကာကွယ်တားဆီး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ် စခန်းများနှင့် တပ်ဖွဲ့ဝင်များအား ယမန်နေ့ နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပသည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ဂုဏ်ပြုဆု တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက်  မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့တွင် အားကြိုးမာန်တက်၊ ရဲဝံ့စွန့်စားစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် အရန်မီးသတ်တပ်ရင်းများ၊ အရန်မီးသတ်စခန်းများ၊ လုပ်သက်အရင့်ဆုံးနှင့် အသက်ကြီးဆုံးဆုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကျင်းပခဲ့သည့် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိကြသော ပြိုင်ပွဲဝင်များအား ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦးက  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု ဗီဒီယိုပြသပေးရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ခန်းမအတွင်း ပြသထားသည့် မီးငြှိမ်းသတ် ပစ္စည်းကိရိယာများကိုလည်း ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)