တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်း

တနင်္သာရီ မေ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမအတွင်း ၂၀၂၄ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများက မေလ ၅ ရက် နံနက်၉နာရီ၃၀အချိန်က ဆရာတော်/သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်နန္ဒာလွင်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ ချောင်းကြီးကျောင်းတိုက်ဦးစီးပဓာန ဆရာတော်အရှင်ပဏ္ဏိစ္စနှင့်သံဃာတော်များ၊ လူပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ဘုရားကန်တော့ကြ၍ ဆရာတော်ဘုရားက ငါးပါးသီလချီးမြှင့်ပေးပြီး ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းမေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ပွားပူဇော်ပေးကြသည်။

ဆက်လက်၍ ဆရာတော်ကအလှူ၏အကျိုးတရားတော်ကို ချီးမြှင့်မြွက်ကြွားပေးတော်မူသည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့်ဇနီး၊ ဝန်ထမ်းများက ဆရာတော်/သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြ၍ အလှူအစုစုတို့အတွက် အမျှဝေသာဓု(၃)ကြိမ်ခေါ်ဆိုကြပြီး နေ့ဆွမ်းဆက်ကပ်ကြကြောင်း၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များအပေါင်းကို နေ့လည်စာ ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနသည် (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မေလ၂ရက်နေ့ကလည်း တနင်္သာရီမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် လေသာဘုရားတောင်ပေါ်၌ သန့်ရှင်းသာယာ၍ ဥပတိရုပ်ကောင်းမွန်ပြီး ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာရှိစေရေးအတွက် ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းများနှင့် ရေဖြည့်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)