ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကော့ကရိတ် မေ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခြင်း လျှပ်စစ်မီးတိုင်နှင့်မီးကြိုးများ ပျက်စီးဆုံးရှုံးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲမှုဖြစ်စဥ်များကြောင့် မြို့နေပြည်သူလူထုများမှာ ဘေးလွတ်ရာဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာမှ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေ့စဥ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ၎င်းပြည်သူများနေထိုင်မှုနှင့် လျှပ်စစ်မီးများ အဆင်ပြေသုံးစွဲနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်းများ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်မီးတိုင်နှင့်လျှပ်စစ်ကြိုးများ ရှင်းလင်းသွယ်တန်းခြင်းများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မေလ ၄ ရက်နေ့တွင် ကေ့ာကရိတ်မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် အမှတ်(၆)ရပ်ကွက်နေအိမ်(၆)လုံးရှိ လက်တူးတွင်း(၆)တွင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက Bleaching Powder (Chlorine) ဆေးခတ်ခြင်းနှင့် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်ပြည်သူများအားထောက်ပံ့ပစ္စည်းများ​ပေးအပ်လျက်ရှိရာမေလ ၅ ရက်​နေ့အထိ အိမ်ထောင်စု (၁၀၈ စု၊ လူဦးရေ (၅၁၂)ဦး နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈) ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ခေါက်ဆွဲထုပ်(၁၀)ထုပ် စုစုပေါင်းကာလတန်ဖိုး(၄၃၀၉၂၀၀) တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။

ထိုသို့  ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)