မြို့သစ်မြို့နယ်တွင် စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်

မြို့သစ် မေ ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင် အခြေခံကျကျ ရေးသားတတ်စေရန်ရည်ရွယ်၍ စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။

စာစီစာကုံးရေးသားနည်းသင်တန်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အလယ်တန်းပြဆရာမ ဒေါ်နွယ်နွယ်ကျော်က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ကာ ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံး၏ အဓိပ္ပာယ်၊ စာစီစာကုံးအမျိုးအစားများ၊ စာစီစာကုံးရေးသားရာတွင် ပါဝင်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များကို ဦးစွာ မိတ်ဆက်သင်ကြားပေးခဲ့သည်။

အဆိုပါ စာစီစာကုံးရေးသားနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ (တစ်ပတ်ကြာ) နေ့စဉ် နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)