ဘားအံ မေ ၆
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် မီးသတ်စခန်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်းရှိ အဆိုပါမီးသတ်စခန်း၌ ကျင်းပသည်။
မီးသတ်စခန်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် မီးသတ်စခန်းနေရာတွင် ယခင်က မီးသတ်ယာဉ် (၂)စီးထားရှိပြီး တပ်ဖွဲ့ဝင်(၉)ဦးရှိသည့် ယာယီနယ်မြေမီးသတ်စခန်းအဖြစ်တည်ရှိခဲ့ရာမှ ယခုဆိုလျှင် မြို့နယ်မီးသတ်စခန်းဖွဲ့စည်းပုံအရ မီးသတ်ယာဉ်(၄)စီး၊ တပ်ဖွဲ့ဝင်(၂၈)ဦးဖြင့် ဘားအံမြို့နယ်၏ မီးဘေးလုံခြုံရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာနှင့် ပိုမိုလွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်စခန်းကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအပေါ် မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စုဖွဲ့လေ့ကျင့်ထားကြရန်နှင့် မိမိတို့၏သင်ယူလေ့ကျင့်မှုများသည် ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကျိုးပြုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဘားအံမြို့နယ် မီးသတ်စခန်းသစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၁၅ ဒဿမ ၅၈၁) သန်းဖြင့် (၇၃ x ၅၂) ပေ RCC (၂)ထပ်အဆောက်အဦးကို တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီတို့မှ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့နယ်မီးသတ်စခန်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မီးသတ်စခန်းသစ်အဆောက်အဦးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မီးသတ်တပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရတာကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကိုလေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု Video Clip အား အတူတကွကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော မီးသတ်တပ်ဖွဲ့၏လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူဆောက်လုပ်မည့် ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံးကြီး၊ (၁၇၇ပေ x ၃၄ပေ) (၆)ခန်းတွဲ RC(၄)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦဆောက်လုပ်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို မေလ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံပြည်သူ့ဆေးရုံကြီးဝင်းရှိ အဆိုပါ အဆောက်အဦးတည်ဆောက်မည့်မြေနေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် မင်္ဂလာပန္နက်တော်များကို ရိုက်သွင်း၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသော သူနာပြုဆရာမလေးများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ အဆောက်အဦရှင်းလင်းဆောင်၌ အဆောက်အဦအထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သူက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကရ (သာသနဓဇဓမ္မာ စရိယ၊ ဝိနယဝိဒူ၊ MA သီရိလင်္ကာ/အိန္ဒိယ) အား ဓမ္မပီယကျောင်းတိုက်၏ဦးစီးပဓာနနာယက ကျောင်းထိုင်ဆရာတော် တင်မြောက်ခြင်းနှင့်ပုနောပသမ္ပဒ-သိက္ခာထပ် ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနားကို ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကူးဆိပ်လမ်းရှိ အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများသည် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ပြည်နယ်သံဃနာယကအဖွဲ့ ဆိုင်းဘုတ်တင်ခြင်းမင်္ဂလာအခမ်းအနားကို ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပြည်နယ်သံဃနာယကအဖွဲ့ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ ဇယန္တောဗောဓိယာမူလေအောင်ဂါထာဖြင့် အခမ်းအနားကို ရုတ်သိမ်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဒါယကာ၊ ဒါယိကမများက ဆရာတော်၊ သံဃာတော်များအား သိမ်ဆင်းလောင်းလှူကြသည်။
ယင်းနောက် ကရင်ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကရ (သာသနဓဇဓမ္မာ စရိယ၊ ဝိနယဝိဒူ၊ MA သီရိလင်္ကာ/အိန္ဒိယ)အား ဓမ္မပီယကျောင်းတိုက်၏ဦးစီးပဓာနနာယက ကျောင်းထိုင်ဆရာတော်တင်မြောက်ခြင်းနှင့် ပုနောပသမ္ပဒ-သိက္ခာထပ်ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် မြို့နယ်သံဃနာကအဖွဲ့ဥက္ကဋ္ဌခွဲက ဘောင်ပညာ့ဥယျာဉ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂဝံသက ကျောင်းထိုင်တင်မြောက်သည့် စာရွက်စာတမ်းများ ဖတ်ကြားလျှောက်ထားပြီး သက်ဆိုင်ရာ ဆရာတော်၊ သံဃာတော်များနှင့်လူပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး၍ စာရွက်စာတမ်းများအား အပ်နှံကာ ဆေးဝင်္ကဘာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခန္တီစာရက ကျောင်းထိုင်တင်မြောက်ခံရသည့် ဆရာတော်၏အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းလျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ခေမာရာမကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒကထာနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ရတနာရွှေမိုး၊ ငွေမျိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)