ရွှေတောင် မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ ZEAL Pre School & ECCD Center မှ မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ခြင်း ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရွှေတောင်မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက မူလတန်းကြို ကျောင်းများ ဖွင့်လှစ်ခြင်းဖြင့် မူလတန်းကြိုအရွယ် ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ၊ လူမှု ဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ထပ်ဆင့် အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ ZEAL Pre School Principal ဒေါ်နွယ်နီကျော်က ကျောင်း၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-ခုနှစ်နှင့် ၂၀၂၃-ခုနှစ် KG-ကျောင်းသားကျောင်းသူများအား KG ပြီးမြောက်ကြောင်း လက်မှတ်များကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် တို့ကအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မူကြိုကျောင်းသား/ ကျောင်းသူများအား မူကြိုပြီးမြောက်ကြောင်း လက်မှတ်များကို ၊ ZEAL Pre School Principal ဒေါ်နွယ်နီကျော် ၊ Founder ဒေါ်ကြူကြူသန်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ZEAL Pre School ကျောင်းသား/ ကျောင်းသူလေးများက အကအလှများဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)