ရွှေတောင် မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် ( ၂၀၂၄ ခုနှစ်) အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း (၂၀)ကျော်ကို ကာကွယ်ဟန့်တားနိုင်သဖြင့် ကာကွယ်ဆေးထိုးရန်အကျုံးဝင်သည့် ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာအောင်မျိုးသန့်က ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရရှိသောအကျိုးကျေးဇူးများနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကို လျှော့ချပြီးကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကြောင်းနှင့် မြို့နယ်အတွင်းဆောင်ရွက်နေမှုအခြေအနေများကို ချပြရှင်းလင်းပြီး ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် "ကလေးများအနာဂတ်လှပဖို့လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့်အသက်ကယ်စို့" ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ( ၂၀၂၄ ခုနှစ်) လှုပ်ရှားမှုအခြေအနေများကိုရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)