တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်

ထားဝယ် မေ ၅

ယနေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့သည် တိုင်းရင်းသားမိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာရပ်တည်လာခဲ့သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုများဖြင့် အကျိုးပြုနေသည်ကို လေးစားဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော ခေတ်မီနိုင်ငံတော်တစ်ရပ်အဖြစ်ကို ရောက်ရှိအောင် တည်ဆောက်နေသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို အပြည့်အဝအောင်မြင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးလည်မသုန် အလေးအနက်ထားပြီး တာဝန်သိသိ၊ သစ္စာရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း မီးသတ်တပ်ဖွဲ့၏ နိုင်ငံတကာအဆင့် အောင်မြင်မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့၏ SCDF Ready Week 2023 တွင် ကျင်းပခဲ့သည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲ၌ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၃)နိုင်ငံ၊ အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အဖွဲ့လိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲ ပထမဆုနှင့် နိုင်ငံတကာ မီးသတ်သမား (၂၆)ဦး ပါဝင်ယှဉ်ပြိုင်သည့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ Braveheart (Individual) တတိယဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း၊  မီးသတ်တပ်ဖွဲ့အတွက် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သောကြောင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန်လိုအပ်ကြောင်း၊ အထူးသဖြင့် မီးသတ်သမားများသည် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့ အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်သောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစား ဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စံပြထူးချန်ဆု၊ စံပြမီးသတ်စခန်းဆုနှင့် ဝတ်စုံများ ချီးမြှင့်ထောက်ပံ့ပြီး မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဗီဒီယို မှတ်တမ်းအား ကြည့်ရှုအားပေးကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊  ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)