တောင်တွင်းကြီး မေ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအင်းတောင်စေတီတော်မြတ်ကြီး အရှေ့ဘက်စောင်းတန်းတွင် သက်ကြီးဘိုးဘွားများ အပူရှောင်နိုင်ရန်အတွက် အပူရှောင်စခန်းကို ယနေ့နံနက်(၁၀)နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းတို့က အပူရှောင်စခန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝေယံမြင့်က နွေရာသီကာလအတွင်း ကျန်းမာရေးနှင့်အညီ ပြုမူနေထိုင်စားသောက်ရမည်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက အပူရှောင်စခန်းသို့လာရောက်ကြသည့် သက်ကြီးဘိုးဘွားများအား ချွေးသုတ်ပုဝါနှင့် ထောက်ပံ့ငွေများကို တစ်ဦးချင်းလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ တာဝန်ကျဆရာမများက အပူရှောင်စခန်းသို့လာရောက်ကြသည့် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ အပူငြိမ်းဆေးတိုက်ကျွေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ အပူရှောင်စခန်းသို့လာရောက်သူများ သက်သောင့်သက်သာ နေထိုင်နိုင်စေရန် ဝါးပက်လက်ကုလားထိုင်(၂၀)လုံးစီစဉ်ထားရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များကိုလည်း စီစဉ်ထားရှိကြောင်းသိရသည်။
အဆိုပါ အပူရှောင်စခန်းတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာမှ Mobil library ဖွင့်လှစ်ဆောင်ရွက်ပေးထားပြီး သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်၊ အယ်လ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်၊ အပူဒဏ်အန္တရာယ်နှင့်ကျန်းမာရေးပြဿနာများ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းထားရှိကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)