၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလူရည်ချွန်စခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ဘားအံမြို့ပေါ်ရှိ စက်ရုံအလုပ်ရုံများနှင့် သမိုင်းဝင်ဂူဘုရားများသို့ သွားရောက်လေ့လာ

ဘားအံ မေ ၅

၂၀၂၃-၂၀၂၄ပညာသင်နှစ် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလူရည်ချွန်စခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယမန့်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးစောထွန်းအောင်ဦးဆောင်၍ ကြီးကြပ်ဆရာ/ဆရာမများနှင့်အတူ ဘားအံမြို့ပေါ်ရှိ စက်ရုံအလုပ်ရုံများနှင့် သမိုင်းဝင်ဂူဘုရားများသို့ သွားရောက်လေ့လာခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ လူရည်ချွန်ကျောင်းသား/ကျောင်းသူများသည် အမှတ်(၂)ဘိလပ်မြေစက်ရုံ တန် ၄၀၀၀(မြိုင်ကလေး)စက်ရုံအားလေ့လာရာတွင် စက်ရုံမှူးကြီးဦးကျော်ကျော်စိုးကစက်ရုံမှ တာဝန်ရှိသူများနှင့်မိတ်ဆက်ပေးပြီး စက်ရုံလည်ပတ်နေမှုအခြေအနေများ၊ ထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုအခြေအနေများ၊ စက်ရုံ၏ဖွဲ့စည်းပုံ၊ ဘိလပ်မြေဖြစ်လာပုံအဆင့်ဆင့်နှင့် ထုတ်လုပ်မှုနည်းပညာများ၊ အသုံးပြုသောစက်ပစ္စည်းများ၊ ထုတ်ကုန်အမျိူးအစားများ၊ ဘိလပ်မြေထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းများ အသေးစိတ်ရှင်းလင်းပြသပေးခဲ့ပြီး လူရည်ချွန်မောင်မယ်များက သိလိုသည်များမေးမြန်းခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည် သမိုင်းဝင်ကော့ဂွန်းဂူနှင့် ရသေ့ပျံဂူဘုရားများသို့လေ့လာရာတွင် သဘာဝလှိုဏ်ဂူဘုရားများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး၊  အလှူငွေများကပ်လှူပူဇော်ခဲ့ကြပြီးနောက် ကရင်ပြည်နယ်ရှေး‌ဟောင်းယဉ်ကျေးမှုနှင့်သုတေသနဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ကြူကြူသန်းက ရှေးဟောင်းဂူဘုရားများ၏ သမိုင်းကြောင်းနှင့် လှိုဏ်ဂူအတွင်းရှိ ဘုရားစေတီပုထိုးများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသပေးခဲ့ရာ လူရည်ချွန်မောင်မယ်များက စိတ်ဝင်တစားဖြင့် လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်မောင်မယ်များမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ခြင်းခံရသည့် ဘားအံမြို့နယ်ကိုယ်စားပြု အ.ထ.က(၁)ဘားအံမှ နှစ်ထပ်ကွမ်းလူရည်ချွန်များဖြစ်ကြသည့် Grade-11 ကျောင်းသားမောင်နေဝင်းအောင်၊ Grade-11ကျောင်းသူနန်းချောစုစုသိမ့်၊ လှိူင်းဘွဲမြို့နယ်ကိုယ်စားပြု နှစ်ထပ်ကွမ်း လူရည်ချွန်များဖြစ်ကြသည့် အ.ထ.က(လှိုင်းဘွဲ)မှ Grade-10 ကျောင်းသား မောင်ဟိန်းကျော်စွာ၊ အ.ထ.က(ရွှေဂွန်း)မှ Grade-10 ကျောင်းသူ နော်မိုးကဗျာမောင်၊ ဘားအံမြို့နယ်ကိုယ်စားပြု အ.ထ.က(၁)ဘားအံမှ တစ်ထပ်ကွမ်းလူရည်ချွန်များဖြစ်ကြသည့် Grade-9 ကျောင်းသား စောထက်အောင်ကျော်၊ Grade-9 ကျောင်းသူမထက်အံ့ရှား၊ လှိုင်းဘွဲမြို့နယ်ကိုယ်စားပြု အ.ထ.က(ရွှေဂွန်း)မှ Grade-11 ကျောင်းသူ မခိုင်ခိုင်မော်တို့ဖြစ်ကြောင်း သိရှိရသည်။

ဇွဲကပင်မေ၊ ဝေနိုင် (ပြန်/ဆက်)