၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော ဟင်္သာတမြို့ ဂုဏ်ဆောင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ

ဟင်္သာတ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတော် အဆင့် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော အ.ထ.က(၃)၊ ကြယ်တံခွန်ကိုယ်ပိုင် အထက်တန်း ကျောင်းနှင့် ဂုဏ်ထူးပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဟင်္ဿာတခရိုင်နှင့် မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှတာဝန်ရှိသူ အကြီးအကဲများ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းတာဝန်ခံများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘဆွေမျိုးများက မေလ ၃ ရက်နေ့တွင် ဇလွန်မြို့မှစ၍ သွားရောက် ကြိုဆိုခဲ့ကြပြီး ဟင်္သာတမြို့အတွင်း လှည့်လည် ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။ အဆိုပါ လူရည်ချွန်မောင်မယ်များ၏ လူရည်ချွန်စခန်း သွားရောက်ခဲ့သည့် အတွေ့ အကြုံများနှင့် ၎င်းတို့၏ ကျိုးစားအားထုတ်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဟင်္ဿာတခရိုင်ပြန်/ဆက်မှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ယခုလို ဖြေကြားပေးခဲ့ပါသည် -

မောင်ထွန်းပြည့်လျှံဝေ (Grade 9 ကျောင်းသား)

ကျွန်တော်ကတော့ အ.ထ.က ၃ မှ Grate 9 ကျောင်းသား မောင်ထွန်းပြည့်လျှံဝေ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးလူရည်ချွန် အတွေ့အကြုံမှာ ပုဂံဒေသကို ရောက်ခဲ့ရတဲ့အတွက် အလွန်ပဲ ဝမ်းသာဂုဏ်ယူမိသလို ပထမမြန်မာနိုင်ငံတော် စတင်တည်ထောင်ခဲ့တဲ့ ပုဂံကို ရောက်ရှိတဲ့အတွက် လည်း ပျော်ခဲ့ပါတယ်။ ပုဂံဘုရားတွေကိုလည်း အများကြီးဖူးမြော် လေ့လာခွင့်တွေရခဲ့သလို ပုဂံဒေသ က ပြည်သူတွေရဲ့ ဖော်ရွေမှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အရင်တုန်းက မတွေ့ခဲ့ဖူးပေမယ့် လူရည် ချွန် စခန်းမှာ အချင်းချင်းကူညီမှုတွေကလည်း အမှတ်တရတွေ အများကြီး ရရှိခဲ့သလို သူငယ်ချင်း အသစ်တွေလည်း အများကြီးရခဲ့ပါတယ်။ လူရည်ချွန် ဖြစ်ချင်တဲ့ ညီငယ်၊ ညီမငယ်တွေကို ပြောချင် တာက “ကျိုးစားကြပါ၊ အရှုံးမပေးပါနဲ့”လို့ ပြောချင်ပါတယ်ခင်ဗျ။

မဝင်းစုဟန် (Grade 11 ကျောင်းသူ)

ကျွန်မကတော့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း ဧကာဒသမတန်း လူရည်ချွန် မဝင်းစု ဟန် ဖြစ်ပါတယ်ရှင်။ လူရည်ချွန်အရွေးချယ်ခံရဖို့အတွက် ပထမဆုံးအနေနဲ့ ကျောင်းအဆင့်ကို ကျော်ဖြတ်ရပါတယ်။ နောက်တစ်ဆင့်က မြို့နယ်အဆင့်၊ နောက်ခရိုင်အဆင့် ရွေးချယ်ခံရတော့မှ အသိအမှတ်ပြုခံရတာပါရှင့်။ ကျွန်မက ဧကာဒသမတန်း လူရည်ချွန်စခန်းဖြစ်တဲ့ ငွေဆောင်ကို ရောက်ခဲ့ရပါတယ်။ ပထမဆုံးကျွန်မတို့ ပုသိမ်မြို့ကိုရောက်တဲ့အချိန်မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားတာမှာ “လူရည်ချွန်တစ်ခါ ဖြစ်ခဲ့ဖူးလို့ရှိရင် တစ်သက်လုံး လူရည်ချွန် စိတ်ဓာတ်ကို မွေးမြူပြီးတော့ သွားနိုင်ရမယ်” ဆိုတဲ့ ပြောကြားခဲ့တဲ့ အမှာစကားကို မှတ် သား မိခဲ့ပါတယ်။ ပထမဆုံးအကြိမ် ငွေဆောင်ကမ်းဆောင်ကမ်းခြေကို သွားရောက်လေ့လာခွင့်ရတဲ့ အခါမှာ ငါး၊ ပုဇွန် မွေမြူရေးစခန်းတွေကိုလည်း လေ့လာခဲ့ရပါတယ်။ လူရည်ချွန်တစ်ယောက် ဖြစ်ဖို့ အတွက်က ဘက်စုံထူးချွန်ရပါမယ်။ လူငယ်တစ်ယောက်အနေနဲ့ ဘဝမှာ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးသလို အ‌ပေါင်းအသင်းကောင်းမှလည်း ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းမှာ အထောက်အကူ အများကြီးရမှာ ဖြစ်ပါတယ်ရှင့်။ ကျွန်မအနေနဲ့ လူရည်ချွန်ဖြစ်ဖို့အတွက် အများကြီး ကျိုးစားခဲ့ရပါ တယ်။ ကျောင်းစာအပြင် နိုင်ငံတကာဗဟုသုတ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သတင်းစာတွေဖတ်ပြီး လေ့လာခဲ့ရတယ်။ အခြားသော အထွေထွေဗဟုသုတတွေလည်း လေ့လာခဲ့ရ ပါတယ်။ “မျိုးဆက်သစ် လူငယ်တွေကို ပြောချင်တာက ကျိုးစားကြပါ၊ ဇွဲမလျော့ပါနဲ့၊ ကျိုးစားရင် ဖြစ်တယ်”လို့ ပြောကြားလိုပါတယ်ရှင့်။

လူရည်ချွန် နှစ်ထပ်ကွမ်း မရွှေရည်ဝင့်ဝါ(Grade 12 ကျောင်းသူ)

မင်္ဂလာပါရှင့်။ သမီးကတော့ ဟင်္သာတမြို့ ကြယ်တံခွန် ကိုယ်ပိုင်အထက်တန်းကျောင်းက ဧကာ ဒဿမတန်းနဲ့ ဒွါဒဿမတန်း လူရည်ချွန် နှစ်ထပ်ကွမ်း မရွှေရည်ဝင့်ဝါ ဖြစ်ပါတယ်ရှင်။ မနှစ်က ဧကာ ဒဿမတန်း လူရည်ချွန်အတွေ့အကြုံတုန်းက မသွားခဲ့ဖူးတဲ့ နေရာတွေရောက်ခဲ့ရတယ်၊ နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ရတဲ့အခါ ကြောက်တဲ့စိတ်နဲ့ လန့်တဲ့စိတ်တွေရယ်၊ နိုင်ငံအတွင်း ဒေသအသီး သီး က ကိုယ်နဲ့တစ်ခါမှ မတွေ့မကြုံဖူးတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရတဲ့အခါ ရှိန်နေတာမျိုး ဖြစ်ခဲ့ပေ မယ့် အခုအခါမှာတော့ ဒါတွေက ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သွားသလိုဖြစ်တယ်၊ အချို့ သူငယ်ချင်းတွေ ဆိုလည်း နှစ်နှစ်ဆက်တိုက် ပြန်ပါလာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်  ပိုပြီးခင်မင် ရင်းနှီးခွင့် တွေရတယ်၊ ချောင်းသာကမ်းခြေကို ရောက်တဲ့အခါမှာ ပုဇွန်၊ ငါး မွေးမြူရေးလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ၊ Sea & Lake နိုင်ငံတကာအဆင့်မီနေရာတွေကို လေ့လာခွင့်ရခဲ့ပါ တယ်ရှင့်။ မတူညီတဲ့ နေရာဒေသတွေကို ရောက်တဲ့အခါမှာ ကိုယ့်တိုင်း၊ ကိုယ့်ဒေသရဲ့ ထွက်ကုန်တွေ၊ နိုင်ငံတကာတင်ပို့နိုင်တဲ့ အရည်အသွေးမီတဲ့ ကုန်ပစ္စည်းတွေကို သေခြာလေ့လာခွင့်ရသလို နိုင်ငံ တကာ အဆင့်မီ တင်ပို့ထုတ်လုပ်နိုင်တဲ့အပေါ် ကိုယ့်နိုင်ငံအတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ အနာဂတ်အတွက် သမီးရည်မှန်းချက်ကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်မယ့်၊ နိုင်ငံ့ကောင်းကျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်း ဆောင်နိုင်မယ့် ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်ရှင်။ နှစ်ထပ်ကွမ်း လူရည်ချွန်အဖြစ် ရွေးချယ်ခံရပြီး နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံရတဲ့အခါမှာ “နိုင်ငံတော်အကြီးအကဲတွေက လူငယ်တွေကို ဗလငါးတန်နဲ့ ပြည့်စုံတဲ့ လူငယ်တွေအဖြစ် မြင်ချင်ကြပြီး တိုင်းပြည်အကျိုးကို စွမ်းဆောင်နိုင်တဲ့ လူငယ်တွေ ဖြစ်စေချင်”တာကို အကြီးအကဲများရဲ့ မိန့်ခွန်းတွေမှာ ပါပါတယ်ရှင့်။ သမီးတို့ လူငယ်တွေအနေနဲ့ကလည်း ဗလငါးတန်နဲ့ပြည့်စုံပြီး တိုင်းပြည်ကောင်းကျိုးကို ထမ်းဆောင် ဖို့အတွက် အကြီးအကဲတွေရဲ့ ပြောတဲ့အတိုင်း လိုက်နာဖို့လည်းလိုပါတယ်။ လူရည်ချွန်တစ်ယာက် ဖြစ်ဖို့ဆိုရင် ကျောင်းစာပေပညာတွေအပြင် မြန်မာနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေ၊ နိုင်ငံတကာ ဓလေ့ထုံးတွေ အထွေထွေဗဟုသုတတွေ နှံ့နှံ့စပ်စပ်လေ့လာမှတ်သားဖို့ လိုပါတယ်။ လူမှုဆက်ဆံ ရေးဖြစ်တဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝအတွက်တာအတွက် လေ့လာသင်ယူစရာတွေကို စဉ်ဆက်မပြတ် လေ့လာဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖို့အတွက် အားကစားကိုလည်း စနစ်တကျ သတ်မှတ်စံချိန်ဝင်အောင် ပုံမှန်လေ့ကျင့်နေဖို့လည်း လိုအပ်ပါတယ်။

လူရည်ချွန် နှစ်ထပ်ကွမ်း မဖူးဟေသာဖြိုး(Grade 11 ကျောင်းသူ)

သမီးကတော့ ဟင်္သာတမြို့ ကြယ်တံခွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဧကာဒဿမတန်း လူရည်ချွန် နှစ်ထပ်ကွမ်း မဖူးဟေသာဖြိုး ဖြစ်ပါတယ်ရှင်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ဆိုရင် ကျောင်းစာအပြင် အထွေထွေဗဟုသုတတွေ လေ့လာဖို့လိုပါတယ်။ အလွတ်ကျက်တာမျိုးမဟုတ်ဘဲ ခေါင်းထဲမှာစွဲနေအောင် မှတ်သားတာမျိုးက ပိုအဆင်ပြေပါတယ်။ အားကစားကျတော့ သူ့ရဲ့ သတ်မှတ်စံချိန်ဝင်အောင် လေ့ကျင့်နေဖို့လိုတဲ့အတွက် ကျန်းမာရေးကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ကံ၊ ဉာဏ်၊ ဝီရိယလည်းရှိဖို့ လိုအပ်သလို ဘာသာတရားကိုင်းရှိုင်းဖို့လည်း လိုအပ်ပါတယ်ရှင်။ သမီး ရောက်ခဲ့တဲ့ လူရည်ချွန်စခန်းက ရှမ်းပြည်နယ် တောင်ကြီး ၊ အင်းလေးစခန်း ဖြစ်ပါတယ်။ မတူညီတဲ့ ရာသီဥတုနဲ့ ဒေသအစား အစာတွေ၊ အခေါ်အဝေါ်တွေ စတဲ့ အတွေ့အကြုံသစ်တွေ အများကြီး ရခဲ့ပါတယ်။ အရင်နှစ်က ပြည်နယ်၊ တိုင်းဒေသ အသီးသီးက လူရည်ချွန်တွေနဲ့ နိုင်ငံတော် အကြီးအကဲတွေ တွေ့ဆုံတဲ့အခါမှာ အကြီးအကဲတွေရဲ့ သြဝါဒတွေကို ခံယူခဲ့ရတာပဲ ရှိပေမယ့် အနီးကပ်တွေ့ဆုံခွင့် မရှိခဲ့ပါဘူး။ ဒီမှာတော့ နှစ်ထပ်ကွမ်း လူရည်ချွန်တွေကို ဦးစားပေးတဲ့အခါမှာ သမီးကတော့ နယ်လုံဝန်ကြီးနဲ့ အနီးကပ် စားပွဲတစ်ဝိုင်းတည်း အတူဆုံခွင့်ရခဲ့ပြီး အကြီးအကဲရဲ့ ဆုံးမတဲ့စကား တစ်ခွန်းကိုတော့ သမီးအနေနဲ့ ကောင်းကောင်းမှတ်သားမိပါတယ်။ ဒီဆုံးမစကားဟာ လူရည်ချွန်မှ မဟုတ်ပါဘူး။ မည်သူမဆို အပြင်မှာလည်း လက်တွေ့လိုက်နာ ကျင့်ကြံနေထိုင် သွားရမယ့် အချက်တွေ ဖြစ်ပါတယ်ရှင့်။ ပထမ အချက်က “လူတစ်ယောက်က ဘယ်လိုနေရာမျိုးမှာပဲ ရောက်နေပါစေ စိန် တစ်ပွင့်လို တည်ရှိနေရမယ် ဖြစ်ပါတယ်ရှင့်။ ဘာလို့လဲဆိုရင် စိန်ဆိုတာက ဘယ်နေရာမျိုးမှာပဲ ရှိနေပါစေ သူ့ရဲ့ အရောင်အသွေးဟာ အမြဲတောက်ပနေတဲ့အရာဖြစ်ပါတယ်။ ဘုရားရဲ့ စိန်ဖူးတော်နေရာမှာ ပဲရှိနေပါစေ၊ လူတစ်ယောက်ရဲ့ လက်ထဲမှာပဲရှိနေပါစေ၊ မြေကြီးထဲ မှာပဲ ရှိနေပါစေ စိန်ဟာ အလွန်မာကြောပြီးတော့ တောက်ပတဲ့အရာတစ်ခု ဖြစ်တဲ့အတွက် ဖြစ်ပါ တယ်။ ဒုတိယအချက်က ခြေသုတ်ပုဆိုးလို ကျင့်ဖြစ်ပါတယ်။ ဘယ်နေရာမျိုးမှာပဲ ရောက်နေပါစေ ၊ ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ပါစေ ခါးစည်းခံပြီး‌တော့ မြင့်မြတ်တဲ့လူတစ်ယောက်အဖြစ် ရပ်တည်ပြီး နေနိုင်ရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တတိယအချက်ကတော့ ရောက်နေတဲ့နေရာမှာ ဆွေမျိုးစပ်ပါဆိုတဲ့ စကားဖြစ်ပါတယ်။  ဘယ်လိုနေရာမျိုးမှာ ဖြစ်နေပါစေ၊ ဘယ်လိုတိုင်းရင်းသား ပဲဖြစ်နေပါစေ၊ ဘယ်လိုလူမျိုးနဲ့ တွေ့ကြုံနေပါစေ ကိုယ့်ဘက်က ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ ဆွေမျိုး အရင်းသဖွယ် ဆက်ဆံရမယ်ဆိုတာဖြစ်ပါတယ်။ စတုတ္ထအချက်ကတော့ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာပါစေ ကိုယ့်ရဲ့ ရပ်တည်မှု၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို နားလည်လက်ခံပြီးတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ကိုရောက်အောင် ကြိုးစားရမယ်ဆိုတာဖြစ်ပါတယ်။ ဒီစကားလေးတွေကတော့ သမီးအတွက် အမှတ်တရအရှိဆုံး စကားလေးဖြစ်ပါတယ်ရှင့်။ လူရည်ချွန်မှာ အဓိက ပေါင်းသင်း ဆက်ဆံရေးကို ဦးစားပေးတာဖြစ်ပါတယ်၊ အဖွဲ့လိုက်လှုပ်ရှားမှုတွေရှိတဲ့အတွက် မတူညီတဲ့ ပြည် နယ်၊ တိုင်းအသီးသီးက သူတွေကို စုဖွဲ့ ဖွဲ့စည်းပေးတာဖြစ်တဲ့အတွက် Team Work ရှိမှ အောင်မြင်မှာဖြစ်ပါတယ်။ ဒီလို Team Work နဲ့ ဆောင်ရွက်ခဲ့တဲ့ သမီးတို့ လူရည်ချွန် ၁၅၄ ယောက် မှသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အထောက်အကူရစေပါတယ်ရှင့်။

မသွန်းအိမ်စည် (Grade 9 ကျောင်းသူ)

မင်္ဂလာပါရှင့်။ သမီးကတော့ ဟင်္သာတမြို့နယ် ဂုဏ်ထူးပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade 9 လူရည်ချွန် မသွန်းအိမ်စည်ဖြစ်ပါတယ်ရှင်။ ပုဂံလူရည်ချွန်စခန်းမှာ ပြည်နယ်၊ တိုင်း‌ဒေသ ကြီးတွေက တိုင်းရင်းသား လူမျိုးစုံ လူရည်ချွန်မောင်မယ်များနဲ့ တွေ့ဆုံခဲ့ရတဲ့အတွက် ဝမ်းသာ ပျော်ရွှင်မိပါတယ်။ ပုဂံဒေသဟာ မြန်မာလူမျိုးတွေရဲ့ မူလဖြစ်တည်ရာဒေသဖြစ်တယ်၊ မြန်မာမှန် ရင်လည်း ပုဂံကိုရောက်ရမယ်ဆိုတဲ့ ဆိုရိုးစကားတွေလည်း ရှိခဲ့တော့ ပထမဆုံးအတွေ့အကြုံမှာ ဝမ်းသာဂုဏ်ယူမိပါတယ်။ လူရည်ချွန်ဖြစ်ဖို့အတွက် ဗလငါးတန်နဲ့ပြည့်စုံရသလို ကံ၊ ဉာဏ်၊ ဝီရိယ လည်း လိုအပ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးကောင်းမွန်ဖို့ အရေးကြီးပါတယ်ရှင့်။ အားလပ်တဲ့အချိန်တွေမှာ သီချင်းဆိုတာ၊ နားထောင်တာအပြင် စာဖတ်ပါတယ်။ ဆရာမကြီး မိုးမိုးအင်းလျားရဲ့ ပျောက်သောလမ်းမှာစမ်းတဝါးဝါး၊ ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား စာအုပ်တွေ၊ စုံထောက်ဝတ္ထုတွေလည်း ဖတ်ပါတယ်ရှင့်။ နောင်နှစ်တွေမှာလည်း လူရည်ချွန် စခန်းတွေကို တိုးချဲ့ဖွင့်လှစ်ပေးစေချင်ပါတယ်။ သမီးတို့ကလည်း ဆက်လက်ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်ရှင်။

စကမ္ဘာပိုင်ဆိုင် (Grade 10 ကျောင်းသား)

ကျွန်တော်ကတော့ ဟင်္သာတမြို့နယ် ဂုဏ်ထူးပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade 10 လူရည်ချွန် စကမ္ဘာပိုင်ဆိုင် ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်က တောင်ကြီး လူရည်ချွန်စခန်းကို ရောက်ခဲ့ ပါတယ်။ ဒေသန္တရ ဗဟုသုတတွေအပြင် သူငယ်ချင်းတွေလည်း အများကြီးရခဲ့ပါတယ်။ လူရည်ချွန် ဖြစ်ဖို့အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတတွေအများကြီး လေ့လာခဲ့ရပါတယ်၊ အားကစားကို လည်း ပုံမှန်လေ့ကျင့်ခဲ့ရပါတယ်။ ကျွန်တော့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးသွားဖို့ ရှိပါတယ်။ လူရည်ချွန်ဖြစ်ချင်တဲ့ ညီငယ်၊ ညီမငယ်တွေကို ပြောချင်တာက “ရည်မှန်းချက် ပန်းတိုင် တစ်ခုထားပါ။ အဲ့ဒီအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါလို့ ပြောချင်ပါတယ်”ခင်‌ဗျာ။

တွေ့ဆုံမေးမြန်းသူ - ခင်စန္ဒာဆွေ(လက်ထောက်ညွှန်ကြားရေးမှူး)

မှတ်တမ်းဓာတ်ပုံ - ကိုဇော်(ဟင်္ဿာတ)၊ ထက်မြက်သူ(ပြန်/ဆက်)