ရွှေကျင် မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄)ခုနှစ် အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့ နံနက် (၈)နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး ရွှေကျင်မြို့နယ်၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်းက ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ဆောင်ပုဒ်ဖြစ်သည့် “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ရွှေကျင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးလှမင်းသူ၊ ဆေးရုံအုပ်ဒေါက်တာသိန်းနိုင်လင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)