ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာကြီး(၁)ဦးနှင့် ဆရာမကြီး(၁)ဦးအား ထောက်ပံ့ငွေ ပေးအပ်

သရက် မေ ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာကြီး(၁)ဦးနှင့် ဆရာမကြီး(၁)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးနှင့် ပီတိပညာရေး နာယကဆရာကြီး ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး၊ ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့်ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့်အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက်အငြိမ်းစားပင်စင်ယူထားသည့် ဆရာကြီးဦးတင်မောင်ဝင်း (အထပြ၊ ထခွဲလ ၃)နှင့် ဆရာမကြီးဒေါ်ဖြူဖြူစန်း(အလပြအ.ထ.က-၁)သို့  ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေကျပ်(၁၅)သိန်းအား မြို့နယ်ပညာရေးမှူးရုံးမှ ဦးတင်ဌေးကပေးအပ်ရာ လက်ခံပေးခဲ့ပြီးကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက်အငြိမ်းစားသက်ကြီးဆရာကြီး၊ ဆရာမကြီးများအားကျန်းမာရေးစောင့်ရှောက်ရန်အတွက် အလှူငွေ(၂)သောင်းကျပ်အား လှူဒါန်းရာ ပီတိပညာရေးအဖွဲ့ဝင် ဆရာကြီးဦးမြင့်ဆွေက လက်ခံပေးခဲ့ကြောင်း သိရသည်။                                                         

ဇော်ထက်(သရက်)