ညောင်တုန်းမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပ

ညောင်တုန်း  မေ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် နည်းပညာပြန့်ပွားရေးစင်တာ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလူချောက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။

ထို့နောက် ဆားမလောက်ကျေးရွာ ကွင်းအမှတ်(၃၈၂)ရှိ တောင်သူများ၏ လယ်‌မြေ ၅၀ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်း ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံတောင်သူများထံသို့ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)