မြဝတီ မေ ၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် နိုင်ငံအတွင်း နေထိုင်သူများမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူများကို အီလက်ထရောစနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက်အလက်များတို့ကို ကောက်ယူမှတ်ပုံတင်၍ UID (Unique Identity Number) စာရွက်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးတွင် ဇီဝအချက်အလက်များ ကောက်ယူရန်အတွက် ၂၀၂၃ခုနှစ်၊ ဧပြီလမှစ၍ လျာထားချက် ၂၂၂၆၀ ဦး စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၄ခုနှစ်၊ မတ်၂၉ရက်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဧပြီ ၉ ရက်နေ့ထိUIDဆောင်ရွက် ပြီးစီးမှုအားဖြင့် ၂၂၉၉၇ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။
မြဝတီမြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည်နှင့်အညီ မြန်မာ-ထိုင်း အမှတ်(၁)၊(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် မဲဆောက်မြို့သို့ BP/TBPလက်မှတ်များဖြင့် သွားရောက်နိုင်ရေးအတွက် နိုင်ငံပိုင် သတင်းစာမှ ပြည်သူများသို့ တရားဝင် အသိပေးကြေညာချက်တွင် နယ်စပ်ဝင်/ထွက်ဂိတ်များသို့ BP/ TBP လက်မှတ် လာရောက်လျှောက်ထားသူ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်အတူ UID စာရွက်ပါ တစ်ပါတည်း ယူဆောင်လာကြရန်နှင့် မေ ၁ ရက်နေ့မှ စတင်ပြီး ၎င်းစာရွက်ပါမှသာ လက်မှတ်များ ထုတ်ပေး၍ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ကို အသိပေး ကြေညာထားပြီးဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူးရုံးမှ ပြည်သူများလွယ်ကူ အဆင်ပြေချောမွေ့စေရေးအတွက် အဆိုပါ UID စာရွက်ထုတ်ပေးရာတွင် နေ့စဉ် လာရောက်လျှောက်ထားသူ တစ်ထောင်ခန့်ရှိသော်လည်း စက်ငါးလုံးဖြင့်သာ ထုတ်ပေးရသဖြင့် တစ်နေ့ဆောင်ရွက်ပြီးစီးမှုနှုန်း ၄၀၀ ဦး ခန့်ရှိ၍ တိုကင်စနစ်ဖြင့် နေ့အလိုက် ရက်သတ်မှတ်ပေးကာ ဆောင်ရွက်ပေးလျက်ရှိပြီး မေ ၁ ရက်မှ ၃ ရက်နေ့ထိ ၁၂၀၆ ဦး ပြီးစီးပြီဖြစ်ကြောင်းနှင့် အလားတူ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် UID ဆောင်ရွက်လိုသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ မိတ္တူတို့နှင့်အတူ သတ်မှတ်ပုံစံဖြည့်စွက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)