ဘားအံ မေ ၅
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကိုအခါအားလျော်စွာဆောင်ရွက်လျက်ပြီး မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၀)အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တရုတ်လှစံပြကျေးရွာအထက်တန်းကျောင်းတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား ၁၅၀၀ ဦးခန့်သည် ယာဉ်၊ယန္တရားများ အသုံးပြု၍ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့် စွန့်ပစ်ပစ္စည်းအမှိုက်များ သိမ်းဆည်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်း အစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ ကျောင်းများတွင် ကျောင်းဆောင်၊ စာသင် ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း၊ သန့်စင်ခန်းများနှင့် ရေ၊ မီး ပြည့်စုံလုံလောက်မှု ရှိ/မရှိ ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ ကျောင်းနေပျော်၍ ပညာ တော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သော ပတ်ဝန်ကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်းရှိ ခရီးစဉ်ဒေသတစ်ခုဖြစ်သော လွန်းညရေပြာအိုင်သို့ သွားရောက်ပြီး ရေပြာအိုင်ကန်ပတ်လမ်းမြေသားတာဘောင်ဖို့မြင့်တင်နိုင်ရေးနှင့် အဆိုပါ ခရီးစဉ်ဒေသအား ထပ်မံအဆင့်မြင့်တင်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ က ဆောင်ရွက်မည့်လုပ်ငန်းများအား လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွန်းညဘေးမဲ့တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဝါရိန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်၊ ကျေးရွာများအတွင်း အဓ္ဓမ ဝင်ရောက်နေထိုင်ပြီး အကြမ်းဖက်လုပ်ငန်းများနှင့် တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာ မြို့နယ်၊ကျေးရွာများရှိ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ မေလ ၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က လွန်းညဘေးမဲ့တိုက်ကျောင်းဓမ္မာရုံ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီပြောင်း ရွှေ့အိမ်ထောင်စုပေါင်း ၇၇၁၁ စု၊ လူဦးရေ ၃၀၆၄၀ ဦးအား နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ အကြိမ်ကြိမ်ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် နှီးနွယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ နယ်မြေတည်ငြိမ်မှုအားကောင်းလာပြီဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်းမှ ဆောင်ရွက်၍မရဘဲ ဒေသခံများ ကိုယ်တိုင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က အိန္ဒု၊ ခရားအတွင်း၊ ကော့ကဒါ၊ လွန်းည၊ ကော့စိန်ဘန်အောက်၊ ဇာသပြင်အရှေ့၊ နောင်လုံအရှေ့ကျေးရွာအုပ်စု တို့တွင် ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု(၃၄၈)စု၊ လူဦးရေ(၁၄၈၄)ဦးအတွက် စုစုပေါင်း ဆန်အိတ် ၁၀၄၃ အိတ်ကို ထောက်ပံ့ပေးအပ်ရာ ယာယီပြောင်းရွှေ့နေထိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေးကိစ္စရပ်များ အဆင်ပြေစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု ၅၉၂၈ စု၊ လူဦးရေ ၂၃၆၂၄ ဦးတို့အား ဆန် ၁၉၇၆ အိတ်၊ ဆီ ၅၉၂၈ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၂ ဖာကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၅၃၉ စု၊ လူဦးရေ ၆၈၅၇ ဦးတို့အား တစ်ဦးလျှင် ဆန်(၂) ဘူးနှုန်းဖြင့် ၃ လစာအတွက် စုစုပေါင်းဆန် ၆၄၂၈ အိတ်ကိုလည်းကောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၂၃ စု၊ လူဦးရေ ၈၆၈ ဦးအတွက် အမျိုးသားသဘာဝ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန်အိတ် ၆၀၉ အိတ်ကိုလည်းကောင်း၊ မေလ ၃ ရက်နေ့တွင် ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၁၃၉၅)စု၊ လူဦးရေ(၅၄၉၄)ဦးအတွက် အမျိုးသားသဘာဝ အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန် ၃၈၆၂ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေလ ၄ ရက်နေ့ နံနက်ပိုင်းက သာမညကျေးရွာ ပအိုဝ်းနှစ်သစ်ကူး ကွင်းဓမ္မာရုံ၌ ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၉၃၃ စု၊ လူဦးရေ ၃၆၆၃ ဦးအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန်ရိက္ခာ ၂၅၇၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခနိမ်းဒိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြည်ထောင်စုပိုလျှံရန်ပုံငွေ GRF ၁၄၂ ဒဿမ ၈၁၃ သန်းဖြင့် နန်းအေးရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၉၀ x ၃၀)ပေ Steel Structure တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက အဆောက်အဦ၏ ၂၀ ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးမှု နှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံ ညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နောက်လုံအနောက်ကျေးရွာအုပ်စု၊ ကော့မားကယ် ကျေးရွာ၊ ကွင်းအမှတ် ၁၁၆၆/ခ ကွင်းတွင် အောင်မြင်ဖြစ်ထွန်းနေသော နွေစပါးဆင်းသုခ တစ်ကွင်းတစ်ဆက်တည်း ၂၁၁ ဧကစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တစ်ဧကပန်းတိုင် ရည်မှန်းချက်အထွက်နှုန်း ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက တောင်သူများနှင့် တွေ့ဆုံကာ လာမည့် နွေစပါးစိုက်ရာသီတွင် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စံပြနွေစပါးစိုက်ခင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)