ကြံခင်းမြို့တွင် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

ကြံခင်း မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်  ရွေးချယ်ခြင်းခံရသော လူရည်ချွန်မောင်မယ် (၅) ဦးအား ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကို  ယမန်နေ့ နံနက်(၉)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်မောင်မယ်(၅)ဦးမှာ  (အ.ထ.က-၁) ကြံခင်းမှ  (Grade-12) ကျောင်းသား မောင်ကောင်းခန့်ကျော်၊ (Grade-12) ကျောင်းသူ မချစ်ခွန်ချို၊ (Grade-11)ကျောင်းသူ မနန်းစံပယ်ဖြူ၊ (Grade-10)ကျောင်းသူ မအိမ့်ချစ်သဲနှင့် (အ.ထ.က) ချင်းမြောင်ကျောင်းမှ (Grade-9)ကျောင်းသူ မနှင်းနေခြည်ဦး လူရည်ချွန်မောင်မယ်(၅)ဦးအား  ကြံခင်းမြို့အဝင်မှ စတင်ကြိုဆိုပြီး  ရွာသစ်ရပ်ကွက်၊  နာရီစင်ရှေ့တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊  ဒေသနေပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုပြီး ပန်းကုံးနှင့် ပန်းစည်းလက်ဆောင်များပေးကာ ကြိုဆိုနှုတ်ဆက်ကြပြီး ကြံခင်းမြို့ဧရာဦးခန်းမတွင် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပကြသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။  ယင်းနောက်   လူရည်ချွန်မောင်မယ်များနှင့်အတူ "လူရည်ချွန်သီချင်း"ဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင်  နိုင်ငံတော်က ပညာရေးကဏ္ဍ မြင့်မားစေရေး ဆောင်ရွက်လျက်ရှိရာ ဘက်စုံထူးချွန်သော လူရည်ချွန်မောင်မယ်များ မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် ဆက်လက်ကြိုးစားကြရန်  ပြောကြားပြီးနောက်၊  မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက  လူရည်ချွန်မောင်မယ်များ အဆင့်ဆင့်ကြိုးစားပြီး ထူးချွန်စွာရရှိသော မောင်မယ်များနှင့် သင်ပြပေးသော ဆရာ/ဆရာမများအား   ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး လူရည်ချွန် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူရည်ချွန်(၂)ထပ်ကွမ်းရ ဦးစိုးမြင့်က ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားပြီးနောက် ဂုဏ်ပြုဆုများ ချီးမြှင့်ရာ  လူရည်ချွန်မောင်မယ် (၅)ဦးအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ လူရည်ချွန်မောင်မယ်များ(ကိုယ်စား) နှစ်ထပ်ကွမ်း လူရည်ချွန်မောင် ကောင်းခန့်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ လူရည်ချွန်ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူရည်ချွန်(၂)ထပ်ကွမ်းရ ဦးစိုးမြင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊  မြို့မိ/မြို့ဖများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်၊

မြို့နယ်(ပြန်/ဆက်)