ကေ့ာကရိတ် မေ ၅
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အတင်းအဓ္ဓမ ဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်သည့်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာ မြို့ရွာများရှိ မိဘဆွေမျိုးများနေအိမ်နှင့် ဘာသာရေး အဆောက်အဦများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကာ ဒေသခံပြည်သူများ မူလနေထိုင်ရာ နေရာဒေသနှင့် အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည့်အတွက် ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးကို မေလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးညီညီဇော်တို့က ထပ်ဆင့် ဆွေးနွေးပြောကြားကာ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ဌာနများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက ဒေသအခြေအနေနှင့် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ အစည်း အဝေးသို့ တက်ရောက်လာသူများ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြန်လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကေ့ာကရိတ်မြို့အတွင်း လမ်းမများပေါ်တွင် လဲပြိုနေသော သစ်ပင်ကြီးများနှင့် လျှပ်စစ်ကြိုးများ ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း မီးလောင်ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်မိသားစုဝင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ခရိုင်/မြို့နယ် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ညနေ ၃း၀၀ အချိန်တွင် ကေ့ာကရိတ်မြို့ ဒေါနခန်းမ၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြိူ့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကေ့ာကရိတ်မြို့ ပြန်လည်တည်ထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)