မကွေး မေ ၅
နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဘော်လီဘောပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီး ဂုဏ်ဆောင် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်း အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို မေလ ၃ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီး ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအားကစားအောင်နိုင်ရေးအဖွဲ့ဝင်များ၊ တိုင်းဘော်လီဘောအသင်းမှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဘော်လီဘောအသင်းမှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကာ၊ အသင်းအုပ်ချုပ်သူမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဘော်လီဘောပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီး ဂုဏ်ဆောင် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းအား လေ့ကျင့်ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သြဝါဒစကား ပြောကြားရာ နေပြည်တော်မှာ ကျင်းပမည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ဖြစ်တာနဲ့အညီ စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့ အားပေးတိုက်တွန်း ပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးဘော်လီဘောအသင်းကို အခုဖွဲ့စည်း အခုသွားရောက် ယှဉ်ပြိုင်စေတာမဟုတ်ပဲ မြို့နယ်ပေါင်းစုံပြိုင်ပွဲကြီး ပြုလုပ်ပြီးမှ စနစ်တကျ လူရွေးချယ်ပြီး (၁)လ ကျော်ကြာ စုစည်း လေ့ကျင့်လျက် သွားရောက်ယှဉ်ပြိုင်စေတာဖြစ်လို့ အခုအချိန်မှာ မောင်တို့/မယ်တို့ အနေနဲ့ လေ့ကျင့်မှုအသင့် စုဖွဲ့မှုအသင့် ပြိုင်ပွဲဝင်ဖို့အသင့်နဲ့ ကာယပိုင်းရော စိတ်ဓါတ်ပိုင်းမှာပါ အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါကြောင်း၊ ဘော်လီဘောအသင်းဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်း ကစားရတဲ့ အားကစားနည်းမဟုတ်ပဲ တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်နိုင်မှု အချင်းချင်း အပြန်ပြန်အလှန်လှန် နားလည်မှု စုပေါင်းလေ့ကျင့်သားပြည့်ဝမှု အစရှိသဖြင့် အကုန်လုံးဟာ ဆက်စပ်နေတာဖြစ်ကြောင်း၊ ဆိုလိုတာက (၁)လကျော်ကြာ စုစည်းလေ့ကျင့်မှုတွေကြောင့် တစ်ဦးနဲ့ တစ်ဦး ရင်းနှီးချစ်ကြည်ပြီး တစ်ယောက်အထာကို တစ်ယောက်သိရှိပြီး စုစည်းညီညွတ်စွာ ကစားကြ မယ်ဆိုရင် မကွေးတိုင်းဒေသကြီး ဘော်လီဘောအသင်းအနေနဲ့ အောင်မြင်မှုဟာ လက်တစ်ကမ်းမှာပဲ ရှိနေမှာဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အားကစားနည်းများအလိုက် ပြိုင်ပွဲများ ပြုလုပ်ရေး သွားရောက်ယှဉ်ပြိုင်နိုင်ရေးတွေမှာ ထောက်ပံ့မှုကောင်းများ ပေးပြီး ချီးမြှင့်မြှောက်စားမှုများလည်း ပြုလုပ်ပေးနေတာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မောင်တို့/ မယ်တို့ကို ပြောကြားလိုတာက ပြိုင်ပွဲမှာ အောင်မြင်မှုတာ ရရှိပါစေ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုကြိုဆို ထောက်ပံ့မှုတွေကို ဝေဝေဆာဆာ ပြုလုပ်ပေးသွားမယ် ဆိုတာကို ကတိပြု ပြောကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများနှင့် နည်းပြအုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ (၁၀)သိန်း (၈)သောင်းကျပ်ကို ပေးအပ်ကာ၊ အားကစားအဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ