ဓနုဖြူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီက နန်းတော်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၉၃၊ ဦးပိုင်၁၄၀/၁၊ တောင်သူဦးသန်းစိန်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သစ်စိမ်းမြေသြဇာမျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် စိုက်ခင်းစနစ်ပြောင်းလဲ စိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးချစ်ဝင်းနိုင်က ကြဲခင်းစနစ်ပပျောက်စေရေး၊ တောင်သူများ Drum Seeder သုံးစွဲစိုက်ပျိုးကြစေရေးနှင့် Drum Seeder သုံးစွဲပုံနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တစ်ဧကလျှင် (၄)ပြည်နှုန်းဖြင့် တောင်သူ(၅၃)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တို့မှ ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ခဲ့​ပြီး မြေဆီလွှာဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်မျိုးစေ့)များအား အဆိုပါ လယ်မြေ (၇.၀၀)ဧကတွင် စုပေါင်းကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်းနှင့် ဓနုဖြူမြို့နယ်၏ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ရေတော်မိုးတော်ဧက(၆၃၀၈၉)အား သစ်စိမ်းမြေသြဇာထည့်သွင်း၍ စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)