ကျိုက်လတ် မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တံခွန်တိုင်ကျွဲကူးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် သင်ကြားလျက်ရှိသည်။
ကျိုက်လတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတက်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများသို့သွားရောက်၍ စာသင်သားများ သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် အခြေခံစာတက်မြောက်ရေးအတွက် သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပြီး ယနေ့တွင် အခြေခံ(မြန်မာစာ)ဘာသာရပ်ကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၂) ဦး၊ သင်တန်းကြီးကြပ်သည့် ဆရာမ (၂) ဦး တို့က ဧပြီလ(၈)ရက်မှ မေလ (၂၀) ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်