ကသာခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) အသက် (၂၅)နှစ်အောက် မြို့နယ်အလိုက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ကသာ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် မြို့နယ်အလိုက်(အမျိုးသား) ဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မီတာ(၄၀၀)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသက် (၂၅)နှစ်အောက် မြို့နယ်အလိုက်(အမျိုးသား) ဖူဆယ်ပြိုင်ပွဲကို မေ ၂ ရက်နေ့မှစတင်ခဲ့ရာ ကသာမြို့နယ်၊ အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ ဘောလုံးအသင်း (၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ကသာမြို့နယ်ကိုယ်စားပြုအားကစားအသင်းနှင့် ထီးချိုင့်မြို့နယ်ကိုယ်စားပြုအားကစားအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကြရာ ကသာမြို့နယ်ကိုယ်စားပြုအားကစားအသင်းက (လေးဂိုး၊ နှစ်ဂိုး)ဖြင့် အနိုင်ရရှိကာ ပထမဆုဖလားကြီးကို ရရှိခဲ့သည်။

ဖူဆယ်ပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ကြသော ဒိုင်များ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးကစားသမားဆု၊ ဒုတိယဆုရရှိသော ထီးချိုင့်မြို့နယ်ကိုယ်စားပြုအားကစားအသင်း၊ ပထမဆုရရှိသော ကသာမြို့နယ်ကိုယ်စားပြုအားကစားအသင်းတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော ကသာမြို့နယ်ကိုယ်စားပြုအားကစားအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က ကသာခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ(ဖလား)ကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် ဆုရရှိသောအားကစားသမားများနှင့်အတူ အမှတ်တရမှတ်တမ်းပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)