ကန့်ဘလူခရိုင်၌ သရက်နှင့်နဂါးမောက်သီးနှံ ၁၃၄၉ ဒသမ ၈၈ ဧကအတွက် GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကျင်းပ

ကန့်ဘလူ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ယခုနှစ်တွင် GAP နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် သရက်နှင့်နဂါးမောက်သီးနှံများကို GAP အသိအမှတ်ပြုလက်မှတ်ပေးအက်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကိုယ်စား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းသည် စိုက်ပျိုးထုတ်လုပ်သူလုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘဝသာယာဝပြောရေး အလေးထားဆောင်ရွက်လာနိုင်စေရန်၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ဆက်လက်အကောင်အထည်ဖော်​ဆောင်ရွက်သွားကြရန်နှင့် စျေးကွက်လိုအပ်ချက်အရ GAP ကို အခြေခံပြီး သီးနှံများဘေးအန္တရာယ် ကင်းစွာထုတ်လုပ်နိုင်၍ နိုင်ငံတွင်းသာမက နိုင်ငံတကာသို့ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်မာမာဝင်းက သက်ရက်နှင့်နဂါးမောက်သီးနှံ GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သရက်နှင့်နဂါးမောက်စိုက်ပျိုးသူတောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်၍ တောင်သူများကိုယ်စား သရက်စိုက်ပျိုးသူတောင်သူ ဦးဌေးကိုကိုဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ကန့်ဘလူခရိုင်၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြုလက်မှတ်ကို ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်ရှိ တောင်သူ ၂၂ ဦး၏ သရက် ၁၃၄၁ ဒသမ ၀၉ ဧကနှင့် နဂါးမောက် ၈ ဒသမ ၇၉ ဧက စုစုပေါင်း ၁၃၄၉ ဒသမ ၈၈ ဧကအတွက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသော အစားအစာများထုတ်လုပ်နိုင်ရန်၊ လုပ်ငန်းခွင်ကွင်းဆက်တစ်လျှောက်လုံး၌ စိုက်ပျိုးထုတ်လုပ်သူအပါအဝင် လုပ်ကိုင်လျက်ရှိသည့်  အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေးနနှင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် GAP စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)