မိုးညိုမြို့နယ်၌ လေဘေးသင့်နေအိမ်မှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

မိုးညို မေ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အိမ်ထောင်စုရှိ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက  ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မေလ ၂ ရက်နေ့တွင် ကျေးရွာအုပ်စု(၇) အုပ်စု၊ ကျေးရွာ(၁၈)ရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅၄)လုံး၊ ပြိုလဲပျက်စီး‌နေအိမ်(၁၄)လုံးနှင့် အမိုးလန်ဘုန်း‌တော်ကြီး‌ကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၃၅၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၆၈)စုရှိ လူဦးရေ (၂၄၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၁၄၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၄၉၅၀၀/-) ကျပ်နှင့် ပြိုလဲ‌နေအိမ်(၁၄)လုံးအတွက်‌ ထောက်ပံရေးပစ္စည်း (၁၆)မျိုး (ပလပ်စတစ်ပုံး)အပါ (၁၄)အိမ်ထောင်စုစာ တန်ဖိုးငွေ(၆၄၄၅၀၄/-) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)