ဟိုင်းကြီးကျွန်းမြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုင်းကြီးကျွန်း မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ အ.ထ.က ဟိုင်းကြီးကျွန်း အခြေခံပညာအထက်တန်းကျောင်း၊ မြကျွန်းသာဆောင်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်မှ ပြည်သူ့စစ်မှုထမ်းခြင်းဥပဒေကို ယခုအချိန်မှ စတင်ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ (၂၀၀၈)ခုနှစ်ကထဲက ပြဌာန်းထားခြင်းဖြစ်ပါကြောင်း၊ မိမိကျေးရွာအုပ်စုရှိ အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အကျုံးဝင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပက်သက်၍ လူမှုကွန်ရက်များတွင် သတင်းမှားများ ပျံ့နှံ့နေကြောင်း၊ ဥပဒေအရ စစ်မှုထမ်းရန်သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်းလွတ်ခွင့်ရရှိသူများကိုလည်း ဥပဒေထဲတွင် ပြဋ္ဌာန်းထားပါကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ကြောင်း၊ ချက်ခြင်းလက်ငင်း အကျုံးဝင်သူအားလုံးခေါ်ယူမည်မဟုတ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရှိ အကျိုးခံစားခွင့်များရပိုင်ခွင့်များကို ရှင်းလင်းပြောကြား၍ လူမှုကွန်ရက်များတွင် လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ခြင်းမရှိကြဘဲ နိုင်ငံ့သားကောင်းများပီသစွာ နိုင်ငံ့တာဝန်ကို ဂုဏ်ယူစွာထမ်းဆောင်ကြရန် ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာအုပ်စု(၂၂)အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် (၃)ခုတို့ရှိ ရပ်မိရပ်ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်