ကျောက်ကြီး နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရပ်ကွက်/ကျေးရွာ အုပ် စု (၄၁) အုပ်စုရှိ မဲရုံပေါင်း (၁၄၆) ရုံ၌ ဆန္ဒမဲပေးနိုင်ရန် ယနေ့နံနက် (၆) နာရီအချိန်မှစတင်၍ တစ်ပြိုင်နက်ထဲ မဲပေး ခွင့်ပြုကြောင်း သိရသည်။
ဆန္ဒမဲလာရောက်ပေးကြမည့်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မဲရုံအတွင်းနှင့် အပြင် အတွက် သတ်မှတ်နေရာများအလိုက် စည်းများထားပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်လာစေခြင်း၊ မဲရုံပြင်ပတွင် လက်ဆေးရန် ရေများ ထားပေးခြင်း၊ လက်သန့်စင်ဆေးရည်များ တစ်ဦးချင်းစီဆေးရန် ကူညီဆောင်ရွက် ပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား မဲရုံအသီးသီးမှ တာဝန်ကျမဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ ဝန်ထမ်းများနှင့် မဲရုံလုံခြုံရေး တာဝန်ရှိသူများ အသီးသီးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၁) အုပ်စု၌ မဲရုံပေါင်း (၁၄၆) ရုံထားရှိဆောင်ရွက် သွားမည်ဖြစ်ကာ မဲဆန္ဒရှင်ဦးရေ (၈၇၈၈၁) အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Kခိုင် ပြန်/ဆက်