အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပ

အင်းတော် မေ ၄

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို မိမိတို့အနေဖြင့် နှစ်စဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း နှစ်စဉ် ဇွန်လအတွင်း၌ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ဆိုကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်များကိုသိရှိလာနိုင်ပြီး မူးယစ်ဆေးဝါးများကိုသုံးစွဲမှုများမှ ရှောင်ရှားလာနိုင်ကာ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူငယ်များ၊ လူချွန် လူကောင်းများဖြစ်လာမည်ဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောပြခဲ့သည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းများကို မိမိအနေဖြင့် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ပါကြောင်း၊ ဆုများလည်း ရရှိခဲ့ပါကြောင်း၊ ဆက်လက်၍လည်း ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မူးယစ်ဆေးဝါးများကို ရှောင်ရှားတွန်းလှန်သွားရမှာဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း မူးယစ်အန္တရာယ်တိုက်ဖျက်နိုင်ရေးအတွက် ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရသည့်အတွက်လည်း မိမိတို့လူငယ်များအနေဖြင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြိုင်ပွဲများတွင် နှစ်စဉ်ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကျောင်းသူတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ပြိုင်ပွဲကျင်းပရာနေရာသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲဗလလှတင့်နှင့်တာဝန်ရှိသူများ လာရောက်အားပေးကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ယင်းပြိုင်ပွဲသို့ အင်းတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ ( ၂၇ ) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ