ဘိုကလေးမြို့နယ်တွင် ရေချိုးဆင်းသူတစ်ဦး မိချောင်းဆွဲခံရပြီး ဆေးရုံ၌ ဆေးဝါးကုသနေရ

ဘိုကလေး မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာနေ ဦးမိုးဝင်း၊ အသက်(၃၀)နှစ်သည် ယမန်နေ့ မေ(၂)ရက်နေ့ ညနေ(၅)နာရီခွဲ အချိန်၌ ကျေးရွာရှိ ဖိုးခွေးရိုးဝဲချောင်းအတွင်း ရေဆင်းချိုးရာ ခြေထောက်အား မိချောင်းဆွဲ ခံခဲ့ရသည်။

၎င်း၏ခြေထောက်အား ဆွဲသည့်မိချောင်းမှာ အရှည်(၁၆)ပေ၊ ဗြက်(၃)ပေခန့်ရှိကြောင်း၊ မိချောင်းဆွဲခံရသဖြင့် ကိုမိုးဝင်းမှာ ပတ်ဝန်းကျင်ကို အကူအညီအော်ဟစ်တောင်းခံခဲ့ပြီး မိချောင်းအား ကျန်ခြေထောက် တစ်ဖက်ဖြင့်ကန်၍ ရုန်းထွက်ရာ မိချောင်းရန်မှ လွတ်မြောက်ခဲ့ပြီး ကုန်းပေါ်တက်ပြေးခဲ့ကြောင်း ကာယကံရှင်၏ ပြောကြားချက်အရသိရသည်။

မိချောင်းကိုက်ခံရသဖြင့် ယာဘက်ခြေခုံ ပေါက်ပြဲသွေးထွတ်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ခြေသလုံး ပေါက်ပြဲသွေးထွက်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ခြေခွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာ (၁)ချက် ဒဏ်ရာများ ရရှိခဲ့ပြီး ယခုအခြေအနေတွင် မိချောင်းကိုက်ခံရသူသည် တာဝန်ရှိသူများ၏ စီမံဆောင်ရွက်မှုဖြင့် ရွာနှင့်နီးစပ်ရာ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းတိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသခံယူနေကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)