ဇလွန် မေ ၃
မေး။ မင်္ဂလာပါသားရေ၊ သားနာမည်လေးနဲ့အတန်းလေးကို မိတ်ဆက်ပေးပါဦး။
ဖြေ။ မင်္ဂလာပါခင်ဗျာ၊ သားကတော့ ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ဒေါင့်ကြီးကျေးရွာ အခြခံပညာအထက်တန်း ကျောင်း ဧကာဒသမတန်းမှ နှစ်ထပ် ကွမ်းလူရည်ချွန် မောင်ထူးခန့်ကျော် ဖြစ်ပါတယ်ခင်ဗျာ။
မေး။ သားအနေနဲ့ လူရည်ချွန်ခရီးစဥ်မှာ သွားရောက် လေ့လာခဲ့တဲ့ အတွေ့အကြုံလေး တွေကိုလည်း ပြောပြပေးပါဦးသားရေ။
ဖြေ။ ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်တို့သွားရောက် လေ့လာခဲ့တဲ့ လူရည်ချွန်ခရီးစဥ် အတွေ့အကြုံများကတော့ ဧရာဝတီတိုင်းဒေသကြီး လူရည်ချွန် မောင်/မယ်များဟာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ သြဝါဒခံယူပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး နေပြည်တော်မှာရှိတဲ့ တန်ခိုးကြီး ဘုရားများဖြစ်တဲ့ မာရဝိဇယနှင့် ဥပါတ္တသန္တိ စေတီတော်မြတ်ကြီးဆီသို့ သွားရောက်ဖူးမြော် လေ့လာခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ဟာ တပ်မတော်စစ်သမိုင်း ပြတိုက်နဲ့ အမျိုးသားပြတိုက်ကို လေ့လာခွင့် ရတဲ့အတွက် ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ သြဝါဒခံယူပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး သြဝါဒခံယူပွဲ အပြီးမှာတော့ ကျွန်တော်တို့ လူရည်ချွန်မောင်/ မယ်များဟာ သက်ဆိုင်ရာအပန်းဖြေစခန်းသို့ ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်ကတော့ ဧကာ ဒသမတန်း လူရည်ချွန်ဖြစ်တဲ့အတွက် ငွေဆောင်လူရည်ချွန်စခန်းသို့ သွားရောက်ခဲ့ရပါတယ်။ ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်းမှာ စခန်းချပြီးပုသိမ်မြို့ရဲ့ အထင်ကရလုပ်ငန်းများဖြစ်တဲ့ ရွှေစာပုသိမ်ထီး၊ ရွှေမြင်း၊ ရွှေမြင်းပျံ ပုသိမ်ဟာလဝါ လုပ်ငန်းများ အကြောင်း အသေးစိတ် လေ့လာခဲ့ရတဲ့အတွက်အကျိုးရှိပြီး ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ အဲဒီနောက် ပုသိမ်မြို့ရဲ့ ကျက်သရေဆောင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ ရွှေမုဌော ဘုရားကိုလည်း သွားရောက်ဖူးမြော်လေ့လာခဲ့ရပါတယ်။ လူရည်ချွန် ခရီးစဥ်ရဲ့ နောက်ဆုံးနေ့မှာတော့ ပန်းတနော်မြို့နယ်မှာရှိတဲ့ Global Earth တွင် ငါးမွေးမြူရေးနှင့် ငါးသားဖောက်ခြင်း လုပ်ငန်းတွေအကြောင်း အသေးစိတ်လေ့လာခွင့်ရတဲ့အတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံများ ရခဲ့ပါတယ်။ ယခုလိုလူရည်ချွန်ခရီးသွားရတဲ့ အတွက်ကြောင့် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားညီအကို မောင်နှစ်မများနဲ့ ရင်းနှီးခင်မင်ခွင့်ရရှိခဲ့သလိုသူတို့ဒေသမှ ယဥ်ကျေးမှုများကို ကြားသိခဲ့ရတဲ့အတွက် အတွေ့ အကြုံများစွာ ရရှိခဲ့ပါတယ်။
မေး။ သားအနေနဲ့ လူရည်ချွန်ဆုရရှိအောင် ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကိုသား သူငယ်ချင်းတွေ သိအောင် ပြောပြပေးပါဦး သားရေ။
ဖြေ။ ဟုတ်ကဲ့ပါခင်ဗျာ၊ လူရည်ချွန် တစ်ယောက် ဖြစ်ဖို့အတွက် စာပေဘာသာ ရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့်အထွေထွေဗဟုသုတ ဘာသာရပ် များကို ဖြေဆိုရပါတယ်။ လူရည်ချွန် တစ်ယောက်ဖြစ်ဖို့အတွက် စာပေဘာသာရပ်တွင် ထူးချွန်ရုံသာမက ပြင်ပဗဟုသုတများကိုလည်း လေ့လာခဲ့ရပါတယ်။ကျောင်းတွင် ဆရာ ၊ ဆရာမများရဲ့ သင်ကြားပြသမှုများကို ဂရုတစိုက်မှတ်သားခဲ့ပြီး သင်ကြားသော စာပေ ဘာသာရပ်များကို နေ့စဥ်ပုံမှန် လေ့လာကျက်မှတ်ခဲ့ရုံသာမက ပြင်ပဗဟုသုတများကို လည်း အားတဲ့အချိန်တိုင်း ဖတ်ရှုလေ့လာခဲ့ပြီး ကိုယ်ကာယကြံ့ခိုင်မှု ရှိရန်အတွက်လည်း နေ့စဥ် လေ့ကျင့်ခဲ့ပါတယ်။ လူရည်ချွန်စာမေးပွဲ ဖြေဆိုခါနီးတွင် စာပေဘာသာရပ် များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များကို ပိုပြီးအချိန်ပေးလေ့ လာခဲ့ပါတယ်။English စာတွင်လည်း Grammar နဲ့ Writing အပိုင်းကို များစွာ တိုးတက် အောင် လေ့ကျင့်ခဲ့ရပါတယ်။ သင်္ချာဘာသာရပ်တွင်လည်း ဉာဏ်စမ်းမေး ခွန်းများကို ဖြတ်ထိုးဉာဏ်ဖြင့် ဖြေဆိုနိုင်အောင် လေ့ကျင့်လေ့လာခဲ့ရပြီး စာရိတ္တနှင့် ပြည်သူ့နီတိ ၊ မြန်မာ့ယဥ်ကျေးမှုနှင့် ထုံးဓလေ့များကို ဖတ်မှတ်လေ့လာခဲ့ပြီး လူရည်ချွန်ဆု ရရှိအောင်ကြိုးစားပြင်ဆင်ခဲ့ပါတယ်။
ဝေယံ - ဇလွန်(ပြန်/ဆက်)