ပုသိမ် မေ ၃
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပြီးနောက်“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိပြီးဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် မလည်ပတ်နိုင်သည့် အလုပ်ရုံ၊ စက်ရုံများလည်းရှိပါ ကြောင်း၊ အလုပ်ရှင်အလုပ်သမားများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် ကိစ္စများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်ရုံအလုပ်ရုံများသို့ နေ့စဉ်သွားရောက်လုပ်ကိုင်နေကြသည့် လုပ်သားများအတွက် ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ စီးနင်းလိုက်ပါမှုများ စနစ်တကျဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား အလုပ်အကိုင်အကိုင် အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း" ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “လာမည့်မိုးစပါးစိုက်ရာသီတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကြဲခင်းများလျော့နည်းစေရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီး ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ များစွာ ရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ထုတ်လုပ်အသုံးပြုခြင်းဖြင့်ထုတ်လုပ်မှု သယ်ဆောင်မှုစရိတ် သက်သာခြင်း၊ တောင်သူလိုအပ်ချက်ကိုပြင်ဆင်ပေးနိုင်ခြင်း၊ လိုအပ် သလောက်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder) များ ထုတ်လုပ်ရာတွင် ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ပြီး တောင်သူများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်များ၊ စက်မှုဇုန်များ ပူးပေါင်း၍ ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ သုတေသနပြု ထုတ်လုပ်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာ တက္ကသိုလ်၊ စက်မှုဇုန်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် (MSMEs) လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ပြသရောင်းချနေမှုများ ကို ဌာနဆိုင်ရာများနှင့် ပြည်သူများက လာရောက်လေ့လာဝယ်ယူနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။
ဌာနဆိုင်ရာများနှင့် ပြည်သူများသည် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရှစ်ခရိုင်မှ ပြသထားသည့် (MSMEs) လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများ၊ Gasifier ၊ ဆားလုပ်ငန်းများ၊ စားသောက်ကုန်များအရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးဝယ်ယူခဲ့ကြပြီး ခင်းကျင်းပြသထားသည်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs) လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အများပြည်သူများ လေ့လာနိုင်ရေးအတွက် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ပြသရောင်းချခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)