ထားဝယ် မေ ၃
“ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ် World Immunization Week အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ် ဧပြီလ နောက်ဆုံးရက် သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် (၂၀၂၄) ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွယ်ဆေးထိုးလုပ်ငန်း စတင်ခဲ့သည့် နှစ်(၅၀) မြောက် နှစ်ပတ်လည်လည်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် (၂၀၂၃)ခုနှစ်အတွင်း မွေးဖွားသော အသက်(၁)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရန်၊ ကာကွယ်ဆေးနှင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားနိုင်ချေများသည့် ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ဂေဟာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဘာသာရေးကျောင်းများမှ အသက်(၁၅)နှစ်အောက် ကလေးငယ်များအား အသက်အလိုက် ထိုးနှံတိုက်ကျွေးပေးရမည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန်၊ အသက်(၅)နှစ်အောက် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသည့် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသွားရန် စသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၁)နှစ်အောက် ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိခဲ့သည့် အသက်(၅)နှစ်အောက် ကလေးများအတွက် Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်း၊ ကာကွယ်ဆေးဖြင့် ကာကွယ် ၍ရသော ရောဂါများ ဖြစ်ပွားကူးစက်နိုင်ချေများသည့် အစုအဝေးဖြင့် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ဂေဟာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဘာသာရေးကျောင်းများရှိ အသက်(၁၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများကို အုပ်ချုပ်သူ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာလုပ်အားရှင်များက ပူးပေါင်းပြီး ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ “ကလေးများ အနာဂတ်လှပဖို့ကာကွယ်ဆေးဖြင့် .. အသက်ကယ်စို့”လူတိုင်း ပါဝင်ဆောင်ရွက်လို့ဆိုသည့် ဆောင်ပုဒ်အတိုင်း အနာဂတ်လှပစေရေးအတွက် အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းမှာ အုပ်ချုပ်သူအစိုးရအဖွဲ့ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ အောင်ငွေစံက တိုးချဲ့ကွယ်ဆေးထိုး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် Video Click အားလည်းကောင်း၊ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံနေမှုအားလည်းကောင်း ကြည့်ရှုအားပေးပြီး ကလေးမိခင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)