ကျွန်းလှမြို့နယ်၌ နွေရာသီစိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် နွေရာသီ၌ စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 “ကျွန်တော် ဒီနှစ်နွေရာသီမှာ ချောင်းရေတင်ပြီး မိုးမျှော်ငရုတ်အပင် ၁၅၀ စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာနဲ့ လုပ်အားခအပါဝင် ငွေကျပ် တစ်သိန်းကျော်ကုန်ကျပါတယ်။ ငရုတ်စိုက်ခင်းမှာ အသီးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ မကြာမီဆွတ်ခူးရောင်းချရပြီး မိသားစုဝင်ငွေရရှိမည်ဖြစ်ပါတယ်” ဟု ရှမ်းစုကျေးရွာ တောင်သူ ဦးနိုင်က ပြောသည်။

ကျွန်းလှမြို့နယ်တွင် မိုးမျှော်ငရုတ်နှင့် ကုလားအော်ငရုတ်သီးနှံစိုက်ပျိုးကြကြောင်း၊ မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ် ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး အသိပညာပေးခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ