ကော့ကရိတ်မြို့နယ် ကျေးရွာအတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ကော့ကရိတ် နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များမှ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာတွင် ကော့ကရိတ်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဝင်ဒေါ်ခင်နှင်းမူ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင် မျိုးဝင်းတို့မှ အင်းရှည်ကျေးရွာ၊ မြပတိုင်ကျေးရွာ၊ နောင်ထပ္ပံ ကျေးရွာများ  ရှိမဲရုံများတွင် ပြည်သူများ မဲပေးရာ၌ ကိုဗစ်−၁၉ ရောဂါကူးစက်မှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မဲရုံအခင်း အကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်း ကြည့်ရှုခဲ့ပြီး မဲရုံတွင်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကော့ကရိတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၇)အုပ်စုရှိပြီး မဲဆန္ဒနယ် အမှတ်(၁)တွင် မဲရုံ(၆၁)ရုံ ၊မဲဆန္ဒနယ်အမှတ်(၂)တွင်မဲရုံ( ၆၂) ရုံ၊ စုစုပေါင်းမဲရုံ(၁၂၃)ရုံ ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)