ပုလော မေ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) (၃၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ၊ ကွန်ပျူတာပန်းချီ ၊ ဆောင်းပါးနှင့် ကဗျာမြို့နယ်အဆင့် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့် ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် နိုင်ငံနှင့် လူသားတို့၏ ဂုဏ်သိက္ခာအား ကျဆင်းစေရန် ဖန်တီးလျက်ရှိနေသော မူးယစ်ဆေး၏ ဆိုးကျိုးကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ကဗျာပြိုင်ပွဲနှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပုလောမြို့ပေါ် ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ ၇၅ ဦး ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)