မင်းဘူး နိုဝင်ဘာ ၇
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်အတွင်းရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက အုပ်စုခွဲ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်းများက အုပ်စုလိုက်ခွဲ၍ ဆန္ဒမဲပေးသည့်နေ့တွင် ပြည်သူများစနစ်တကျ လုံခြုံစိတ်စွာ မဲပေးနိုင်ရေး၊ မဲရုံများ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရေး၊ မဲရုံသုံးပစ္စည်းများ လုံလောက်မှု ရှိ/မရှိ၊ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၇၄)အုပ်စု၊ ကျေးရွာပေါင်း (၁၅၀) တွင် မဲရုံပေါင်း (၁၇၁) ရုံ စီစဉ်ဆောင်ရွက်ပေးထားပြီး အသက် (၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးခွင့်ရှိသူ (၁၄၀၀၀၀) ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)