ချင်းပြည်နယ် ၊ ဟားခါးခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်

ဟားခါး        မေ      ၃

ချင်းပြည်နယ် ၊ ဟားခါးခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားကို မေလ ၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်၊ ခရိုင်ဌာနအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးခရိုင်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အငြိမ်းစားများသည် နိုင်ငံ့တာဝန်များကို နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည့်အတွက် အတွေ့အကြုံရင့်ကျက်သူများဖြစ်ကြသည့်အပြင် ပညာတတ်များဖြစ်ကြသည့်အတွက် မိမိတို့နေထိုင်ရာမြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် အရေးပါအရာရောက်သူများဖြစ်ကြကြောင်း၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အငြိမ်းစားများထံမှ ကောင်းမွန်သော၊ အပြုသဘောဆောင်သည့် အကြံကောင်း၊ ဉာဏ် ကောင်းများကို လက်ကမ်းကြိုဆိုပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက် ရေး မဟာဗျူဟာစံမံချက် (၂၀၂၄) အရ အသက် ( ၈၅ ) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ (၂၀၁၆) ကို ပြဋ္ဌာန်းထားပြီးဖြစ်ရာ သက်ကြီးရွယ်အိုများနှင့် အငြိမ်းစားဝန်ထမ်းကြီးများ၏ အခွင့်အရေးများကို အဆိုပါဥပဒေဖြင့် ရယူခံစားနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သက်သာချောင်ချိမှုများကို ရှေ့ရှု၍ အလျဉ်းသင့်သလို ဆောင်ရွက်သွားမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်အတွက် မိမိတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ အကြံကောင်း၊ ဉာဏ်ကောင်းများ ပေးအပ်နိုင်ပါကြောင်းဖြင့်  အမှာစကားပြောကြားသည်။

ထို့နောက် အငြိမ်းစားဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းပေးအပ်ခြင်း အခမ်းအနား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အငြိမ်းစား ဝန်ထမ်း ဦးထန်ကီးယိုနှင့် ဒေါ်လိုင်ဟာလ်း ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးက အငြိမ်းစားဝန်ထမ်း ဦးဘွေခီးယားကို လည်းကောင်း၊ ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က အငြိမ်းစားဝန်ထမ်း ဦးချာကမ်းကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အငြိမ်းစားဝန်ထမ်း ဒေါ်ရမ်ပါရ်ကိုလည်းကောင်း ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး အငြိမ်းစား ဝန်ထမ်းများကိုယ်စား ဦးလာလ်ကုန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားပြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားဝန်ထမ်းများအား ကျန်းမာ ရေးစစ်ဆေးပေးနေမှုများကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်မိုရ်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများအား လက်ဆောင်သစ်သီးခြင်း ပေးအပ်သည်။

ယနေ့ကျင်းပပြုလုပ်သည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားတွင် ဟားခါးခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ( ၃၈၅ ) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

(မောင်တက်လမ်း)