နတ်တလင်းမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နတ်တလင်း မေ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက မိမိဒေသအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအထိ ရည်မှန်းချက် တစ်ခုချင်းအပေါ်လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းအချိန်ဇယားများ စီမံချက်ရေးဆွဲကာ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်‌စောသန္တာမျိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၏ ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နတ်တလင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်ပါ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများကို မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများထံ  ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(နတ်တလင်း)