မိုးညိုမြို့နယ်‌၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆၈)လုံးထိခိုက်ပျက်စီး

မိုးညို မေ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ည ၈ နာရီအချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ကျေးရွာအုပ်စုများတွင် နေအိမ်များ ပြိုလဲခြင်းနှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။    

အဆိုပါ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာ(၁၈)ရွာတို့တွင် ပြိုလဲနေအိမ်(၁၄)လုံး၊ အမိုးလန်နေအိမ်(၅၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး‌နေအိမ်(၃)လုံး စုစုပေါင်းနေအိမ်(၆၈)လုံးနှင့် စာသင်ကျောင်း(၂)ဆောင်၊ ဘုန်းတော်ကြီးကျောင်း(၂)ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု(၆၈)စုမှ လူဦးရေကျား(၁၂၄)ဦး၊ မ(၁၂၁)ဦး၊ စုစုပေါင်း(၂၄၅)ဦးတို့ဘေးသင့်ခဲ့ပြီး နေအိမ်များပြန်လည်ပြုပြင်ခြင်းနှင့်လိုအပ်သည်များကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)