ပေါင်းတည် မေ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း(ပေါင်းတည်) Grade-9 မှ ဂုဏ်ထူးဆောင် လူရည်ချွန် ကျောင်းသားတစ်ဦးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်အစိုးရက နိုင်ငံတစ်ဝန်းရှိ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်သော လူရည်ချွန်များ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်၍ လူရည်ချွန်မောင်မယ်များ ရွေးချယ်ချီးမြှောက်ပေးလျက်ရှိရာ ပေါင်းတည်မြို့နယ်မှ ပေါ်ထွန်းခဲ့သော ဂုဏ်ထူးဆောင်လူရည်ချွန်တစ်ဦး မောင်ရှင်းသန့်မောင်သည် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ လူရည်ချွန်မောင်မယ်များနှင့်အတူ လေ့လာရေးခရီးစဉ်များပြီးဆုံး၍ ဌာနေသို့ ပြန်လည်ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့နှင့်အတူ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်း(ပေါင်းတည်) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဂုဏ်ပြုပွဲကို အခြေခံပညာအထက်တန်း(ပေါင်းတည်) ပညာရတနာခန်းမ၌ ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောနှင့် အခြေခံပညာအထက်တန်း(ပေါင်းတည်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်တို့က ဂုဏ်ပြုချီးမြှင့်စကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ လူရည်ချွန် မောင်ရှင်းသန့်မောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး လူရည်ချွန်ခရီးစဉ်အတွေ့အကြုံများကို ပြန်လည်တင်ပြခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြကာ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
သူရကြီး (ပေါင်းတည်)