ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက် 

ပဲခူး မေ ၃

ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားလူငယ်လေးများ အသိဥာဏ်ပညာနှင့် ဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဝေငှခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ဟောပြောပွဲပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ 

ယင်းနောက် ပဲခူးခရိုင်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်စုစုဝင်းက ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်တားဆီးရန်၊ ဥပဒေအရ တရားဝင်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များ လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများအား အလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)