သဲကုန်း မေ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ပေးရာတွင် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်း၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ကိုကျော်(ပြန်/ ဆက်)