ဟင်္သာတ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဟင်္သာတခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သော သစ်တောသစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို မေလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် ဟင်္သာတမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူထက်က သစ်တောသစ်ပင်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ် ချက်များကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီးနောက် ဦးမင်းသူ (တောအုပ်ကြီး)မှ သစ်တော သစ်ပင်များ၏ အကျိုးကျေးဇူးများအကြောင်း၊ သစ်တောထွက်ပစ္စည်းများ အကျိုးကျေးဇူးများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တောအုပ် ဦးမြင့်သူက ဇီဝမျိုးစုံ မျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးကျေးဇူးများ၊ သစ်တောသစ် ပင်များစည်း ကမ်းမဲ့ခုတ်ယူခြင်းကြောင့် ရရှိနိုင်သည့်ဆိုးကျိုးများ၊ ပတ်ဝန်းကျင်ရေးရာ ကျင့်ဝတ် များနှင့်လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ်သစ်တော ဦးစီးဌာနမှတာဝန်ရှိသူများ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမူရေးအသင်းအဖွဲ့များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)