မုံရွာ မေ ၃
မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် (၉)နာရီက မုံရွာမြို့နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်ရှိ အမှတ်(၁၅၉) အခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းသို့ ရောက်ရှိပြီး စာသင်ကြားနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စာသင်သားများအား အအေးနှင့်မုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ အဆိုပါ အဖွဲ့သည် လယ်တီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ဝိုင်း၊ အောင်ချမ်းသာရပ်ကွက်ရှိ သာမဏေကျော် ဘုန်ကြီးကျောင်း စာသင်ဝိုင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (အလုံ) စာသင်ဝိုင်းနှင့် အောင်းချမ်းသာရပ်ကွက်ရှိ အမှတ်(၁၆) ခြေမြန်တပ်ရင်း အခြေခံပညာမူလတန်းကျောင်းတို့သို့ ရောက်ရှိပြီး စာသင်ကြားနေမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ စာသင်သားများအား အအေးနှင့် မုန့်များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ မုံရွာမြို့နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ကြီးကြပ်ဆရာ၊ ဆရာမ (၁၂)ဦး၊ နည်းပြဆရာ၊ ဆရာမ (၁၂)ဦးတို့ဖြင့် စုစုပေါင်း စာသင်သား၊ စာသင်သူ(၂၀၅)ဦးအား အရေးအဖတ်အတွက် ရရှိရေး မြန်မာစာဘာသာရပ်နှင့် သင်္ချာဘာသာရပ်တို့အား ရက်ပေါင်း(၄၀)တိတိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)