ကြံခင်းမြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းဆောင်ရွက်

ကြံခင်း မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ဝင်းဝင်းကြည်နှင့် ဘက်စုံသားဖွားဆရာမများက မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းများ၊ ကိုယ်အလေးချိန်ပေးခြင်များကို ဆောင်ရွက်ပေးကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းအဖြစ် မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များအား ပိုလီယိုရောဂါ  ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ(ရိုတာ) ကာကွယ်ဆေး များ တိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို (အပတ်စဉ်) အင်္ဂါ၊ ကြာသပတေးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန် ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)