မြို့သစ် မေ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခက်မှုကြောင့် မြို့သစ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူနေအိမ်အချို့ အမိုးလန်ပျက်စီးကာ တမာပင်၊ ကုက္ကိုပင်၊ ထနောင်းပင်၊ မန်ကျည်းပင်နှင့် ယူကလစ်ပင်ကြီးများသည် လမ်းများနှင့် လူနေအိမ်များပေါ်သို့ ကျိုးကျခဲ့ပြီး လူနေအိမ် (၁၂၂)လုံး၊ ဘုရားစေတီ (၂)ဆူ၊ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ကျေးရွာများသို့ဆက်သွယ်သည့် (၄၀၀ )ဗို့ လျှပ်စစ်ဓါတ်အားတိုင် (၂)တိုင် ပျက်စီးခဲ့ကြောင်း သိရသည်။
သစ်ပင်ကြီးများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ နေအိမ်များပေါ်သို့ပိခြင်း၊ နေအိမ်အချို့ အမိုးလန်ခြင်းများနှင့် ဓါတ်တိုင်များ ပြိုလဲခြင်းများ ဖြစ်ပွားခဲ့ရာ နေရာများသို့ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ သစ်ပင်များလဲကျ၍ လမ်းများပိတ်ဆို့နေမှုအား အချိန်နှင့်တပြေးညီ အမြန်ဆုံး သွားရောက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခက်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်၊ သေဆုံးမှုမရှိကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)