အုတ်တွင်း မေ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုများဖြစ်သည့် (MSME)နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အောင်မြင်မှုရှိစေရေး၊ ရိတ်သိမ်းလုနီးပါး ဖြစ်သည့် နွေစပါးအောင်ရေရရှိရေး၊ ရိတ်သိမ်းမှုအဆင်ပြေစေရေး ကြိုတင်စီမံဆောင်ရွက်ထားမှုအခြေအနေ၊ လာမည့်မိုးကြိုကာလ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ စားသုံးဆီများ ပြည်ပမှ မတင်သွင်းရဘဲ ပြည်တွင်း၌ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဆီထွက်သီးနှံများ စိုက်ဧကသတ်မှတ်လျာထားချက်အမီ စိုက်ပျိုးနိုင်စေရေး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများနှင့် စနေနေ့အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကိစ္စများကို တိကျစွာစိစစ် ဆောင်ရွက်သွားရန် ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ယုက မြို့နယ်အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် အဘက်ဘက်မှ မျက်ခြည်မပြတ် တာဝန်သိစွာ ပြည်သူ့အကျိုးရှေးရှု၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယခုအပူချိန် လွန်ကဲနေချိန်တွင် မြို့နယ်၌ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့်ခံနိုင်ဝန်အား မမျှတမှုအပေါ် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဌာနဆိုင်ရာများအား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)