လူရည်ချွန်မောင်မယ် ကျောင်းသား/သူများအား မြိတ်လေဆိပ်တွင် ဂုဏ်ပြုကြိုဆို

မြိတ် မေ ၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် မြိတ်မြို့မှ လူရည်ချွန်မောင်မယ် ကျောင်းသား/သူသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး ယမန်နေ့ ညနေပိုင်းတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဂုဏ်ပြုကြိုဆိုရာ၌ လူရည်ချွန်မောင်မယ်များကို တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်လှလှအေး၊  ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် လေဆိပ်ခန်းမဆောင်တွင် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ဖက်ရည်ဝိုင်းဖြင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုခဲ့ရာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။ လူရည်ချွန်မောင်မယ်များတွင် နဝမတန်းမှ(၂)ဦး၊ ဒသမတန်းမှ(၂)ဦး၊ ဧကာဒသမ တန်းမှ(၁)ဦးနှင့် ဒွါဒသမတန်းမှ(၂)ဦးတို့မှ ကျောင်းသား/သူများဖြစ်ကြကာ ၎င်းတို့သည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး ယမန်နေ့က ရန်ကုန်မြို့မှ မြိတ်မြို့သို့  လေကြောင်းခရီးစဉ်ဖြင့်  ပြန်လည်ရောက်ရှိလာကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)